တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ်တွင် တူးထားသည့်ဗုံးခိုကျင်းများကို စစ်တပ်ကပြန်ဖို့ခိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.1k

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားလာပါက လက်နက်ကြီး ပစ်ခတ်မှု အန္တရာယ်ကို စိုးရိမ်ကြောက်လန့်၍ မြို့ပေါ်ရပ်ကွက် တချို့တွင် တူးထားသည့်ဗုံးခိုကျင်းများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြန်ဖို့ခိုင်းနေသည်ဟု သိရသည်။

နိုဝင်ဘာလ ၁၇ ရက်က တောင်ကုတ်မြို့ပေါ်ရပ်ကွက်တစ်ခုအတွင်း နေအိမ်တခုတွင်ဗုံးခိုကျင်းတူးနေစဉ် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်က သိရှိသွား၍ ဗုံးခိုကျင်းကိုပြန်ဖို့ခိုင်းခဲ့ကြောင်း မြို့ခံအမျိုးသမီးငယ်တစ်ဦးက ပြောသည်။

"(----)လမ်းမှာ ဗုံးခိုကျင်းတူးနေတာကို စစ်တပ်ကတွေတော့ ကျင်းကိုပြန်ဖို့ ခိုင်းခဲ့တယ်" ဟု ပြောသည်။

တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်ရင်းများနှင့်နီးစပ်သည့်ရပ်ကွက်များမှ မြို့ခံတချို့မှာ ယခုနောက်ပိုင်း နေအိမ်အတွင်းဗုံးခိုကျင်းများတူးနေကြသည်ဟု တောင်ကုတ်မြို့ခံ လူမှုရေး တက်ကြွ လှုပ်ရှားသူလူငယ်တစ်ဦးက ပြောသည်။

"တောင်ကုတ်မြို့ခံတချို့ ဗုံးခိုကျင်းတူးနေကြတာ။ တိုက်ပွဲဖြစ်ရင်လက်နက်ကြီး ပစ်ခတ်တာတွေ၊ ဗုံးကြဲတာတွေဖြစ်မှာစိုးလို့ဖြစ်မယ်" ဟု ပြောသည်။

မြို့ခံများ၏လုံခြုံရေးအခြေအနေအရ ဗုံးခိုကျင်းတူးသည့်ရပ်ကွက်နှင့် လမ်းများကို နိရဉ္စရာက ဖော်ပြနိုင်ခြင်းမရှိပေ။

စစ်ကောင်စီတပ်အနေဖြင့် တောင်ကုတ်မြို့ထဲသို့ ရက္ခိုင့်တပ်တော် (AA)က ဝင်ရောက် တိုက်ခိုက်လာမည်ကိုစိုးရိမ်၍ မြို့ပေါ်နှင့်ကျေးရွာများကို ချိတ်ဆက် ထိုးထားသည့် သစ်သားချောင်းကူးတံတား ၃ စင်းကို ဖြိုဖျက်ခိုင်းခဲ့၍ ဖြိုဖျက်ပေးလိုက်ရကြောင်း မြို့ခံများက ပြောသည်။

နိုဝင်ဘာလ ၁၈ ရက် ၊ ညနေ ၄ နာရီတွင် တောင်ရွာကျေးရွာနှင့် တောင်ကုတ်မြို့ဘက်ကမ်း မှိုဟင်းတောကျေးရွာကိုချိတ်ဆက်ထားသည့်တံတား၊ သလိန်ပြင်ကျေးရွာနှင့် တောင်ကုတ်မြို့ဘက်ကမ်း ဝက်ကျိပ်ကျေးရွာသို့ ချိတ်ဆက်ထားသည့်တံတားများကို အပြီးဖြိုဖျက်ထားခိုင်းခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက်က ကိုင်းရှည်ရပ်ကွက်နှင့် မြို့မဈေးကြီးသို့ ထိုးထားသည့်တံတားကိုဖြိဖျက်ခိုင်းခဲ့သည်။

ယင်းသို့ဖြိုဖျက်လိုက်ရ၍ ဒေသခံများ ဆက်သွယ်သွားလာမှု ခက်ခဲနေကြရကြောင်း သိရသည်။

ရခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာလ ၁၃ ရက်ညနေပိုင်းကပင် တန်းလွဲရွာမ မြို့ရဲစခန်းနှင့် လမူးစံပြတိုက်နယ်ရဲစခန်းမှရဲတပ်ဖွဲ့ဝင်များမှာ AA က စီးနင်း တိုက်ခိုက်မည်စိုး၍ စခန်းများကိုလက်လွှတ်၍ မြို့ပေါ်သို့ ထွက်ပြေးသွားကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့တိုက်ပွဲဖြစ်ပွားမှုပင်မရှိသေးဘဲ ရဲစခန်းနှစ်ခုထိ လက်လွှတ်ထားရသည့် စစ်ကောင်စီသည် တောင်ကုတ်မြို့အနီးတဝိုက်ရှိ စစ်ရေးဗျူဟာအရအပေါ်စီးကျသည့် ပန်းမြောက်တောင်၊ ဇီးကိုင်းတောင်၊ ဘုရားကိုးဆူတောင်ကုန်းစသည့် မြို့ပတ်လည်တောင်တန်းများတွင် စစ်အင်အားအခိုင်အမာဖြန့်ကြက်ထားကြောင်း မြို့ခံများကပြောသည်။

ယင်းအပြင် ရခိုင်မြို့နယ်များတွင်စခန်းသိမ်းတိုက်ပွဲများ စတင်ချိန်တွင် တောင်ကုတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် အရပ်သား ၁၀ ကျော်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်ဟု ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့် မြို့ခံများကပြောသည်။

တောင်ကုတ်မြို့နယ်တွင်လည်း နှစ်ဘက်စစ်ရေးတင်မာမှုများရှိနေ၍ တိုက်ပွဲအချိန် မရွေးဖြစ်လာနိုင်သည်ဟုဆိုကာ စစ်ကောင်စီတပ်ရင်းနှင့်နီးစပ်သည့် ရပ်ကွက်တချို့မှ ဒေသခံတချို့မှာ ဗုံးခိုကျင်းတူးနေကြခြင်းဖြစ်ကြောင်း နိရဉ္စရာက စုံစမ်းသိရှိရသည်။(NN-23)

ဆက်စပ် သတင်းများ