တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရမ်းဗြဲတွင်စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့်ပစ်ခတ်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၅ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 812

ရမ်းဗြဲမြို့ကို ယနေ့ဒီဇင်ဘာ ၂၅ရက်နေ့ ညနေ ၄နာရီ ၂၀ မိနစ်အချိန်မှစ၍ ရဟတ်ယာဉ်တစ်စီးဖြင့် လာရောက်ပစ်ခတ်နေသည်ဟု ရမ်းဗြဲမြို့ခံတစ်ယောက်က နိရဉ္စရာကိုပြောသည်။

" ရဟတ်ယာဉ်  နဲ့လာပစ်တာ။ပထမတစ်ခေါက် နှစ်ချိန်းပစ်တယ်။ဒုတိယတစ်ခေါက်အတွဲလိုက် သုံးခါပစ်တယ်။ နောက်ဆုံးတစ်ခေါက် နှစ်ခါပစ်တယ်။အကုန် ၇ ခါကျတယ်" ဟုပြောသည်။

ရမ်းဗြဲတွင် ယနေ့ ဒီဇင်ဘာ ၂၅ရက်နေ့တွင်တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခဲ့ခြင်းမရှိဘဲ စစ်ကောင်စီဖက်မှ တစ်ဖက်သက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရမ်းဗြဲမြို့ခံတစ်ဦးကနိရဉ္စရာကိုပြောသည်။

" တိုက်ပွဲဖြစ်ပွားတာမရှိဘဲပစ်တာ။ ပစ်ပြီး ခဏဝဲနေခဲ့တယ်။၁၈မိနစ်လောက်ကြာခဲ့တယ်" ဟုပြောသည်။

အဆိုပါလက်နက်ကြီးသည် အမှတ်(၃)အင်းတော်တွင် (၂)လုံး၊အမှတ်(၁)သဗြုချိန်ဘက်တွင် အတွဲလိုက်(၃)လုံးပစ်ခတ်ခဲ့သည်ဟုဒေသခံများကပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၈) ရက်နေ့၊ နံနက် (၈) နာရီ (၁၃) မိနစ်အချိန်တွင် ရမ်းဗြဲမြို့၏ တောင်ဘက် မီတာ (၂၀၀) ကျော်ခန့်အကွာအဝေးရှိ အောင်ချမ်းသာစေတီတည်ထားရာ တောင်ပေါ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော်တို့ ရုတ်ချည်းရင်ဆိုင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ စစ်သင်္ဘော၊ ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ  အပါအဝင် ဒရုန်းများဖြင့်လည်း လာရောက် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား (၄) ဦး သေဆုံးခဲ့သကဲ့သို့ ရန်သူ၏ လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်း အချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်သည့် သတင်းအထဲတွင် ဖော်ပြထားသည်။

ရမ်းဗြဲမြို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြို့ပေါ်မှ ဒေသခံပြည်သူ ထောင်နှင့်ချီပြီး ထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။(NN-11) 

ဆက်စပ် သတင်းများ