တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်တွေ အောင်မင်္ဂလာရပ်ကွက် ဓားပြတိုက်သူများကို စစ်ကောင်စီအရေးမယူ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၅ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.1k

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် နေ့လယ်ပိုင်းက နေအိမ်တစ်အိမ်အား သေနတ်ကိုင်ဆောင်ထားသည့် လူတစ်စုက မောင်းပြန်သေနတ်များဖြင့် ဓားပြတိုက်သော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာ အရေးယူခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

 

ယနေ့ ဒီဇင်ဘာ ၂၅ ရက် နေ့လယ် ၁၂ နာရီခန့်တွင် လက်နက်ကိုင်ဆောင်ထားသည့် လူ ၉ ဦး ပါဝင်သည့် အဖွဲ့တစ်ခုသည် စစ်တွေမြို့ ပြည်နယ်ကောင်စီရုံးအနီးတွင် တည်ရှိသည် အောင်မင်္ဂလာရပ်ကွက် (အင်ဘာလာ) သို့ သုံးဘီးနှစ်စီးဖြင့် ဝင်ရောက်လာပြီး မွတ်ဆလင်အမျိုးသားတစ်ဦးဖြစ်သူ ဦးခေါ်ဘီအိမ်အား ဓါးပြတိုက်သွားသည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

 

သူတို့က တုတ်တုတ် သုံးဘီးကားနှစ်စီးနဲ့ ဝင်လာတယ်။ ဘယ်သူတွေဆိုတာ ရဲတပ်ဖွဲ့လည်း သိတယ်။ သေနတ်တွေလည်း ပစ်သွားတယ်။ ရဲကို ဓာတ်ပုံတွေနဲ့ တစ်ကွတင်ပြတယ်။ အရေးမယူဘူးဒေသခံ တစ်ဦးက ပြောသည်။ (ဓားပြတိုက်ရာတွင်ပါဝင်သူ အကျီအနီဝတ်ထားသူအားတွေ့မြင်ရစဉ်။ ပုံရှုပါ)



 

အဆိုပါ အခင်းဖြစ်ပြီးနောက် ရဲတပ်ဖွဲ့က အဆိုပါ အိမ်အားလာရောက်စစ်ဆေးရာတွင် အဖြစ်မှန်နှင့် ပါဝင် ပတ်သက်သူများအား ပြောဆိုသော်လည်း လက်ရှိ အချိန်ထိ အရေးမယူသေးဟု ဒေသခံတစ်ဦးက ပြောသည်။

 

အခုက မြို့ပေါ်မှာတောင် သေနတ်ကိုင်ပြီး သောင်းကျန်းနေတာ။ ဒါကို စစ်ကောင်စီက အရေးမယူဘူးဆိုတော့ လူတိုင်းအတွက် လုံခြုံမှုက မရှိဖြစ်သွားပြီ။ စစ်တွေမြို့ပေါ်မှာ ဖြစ်နေတာတောင် ပြည်နယ်အစိုးရက ဘာမှ အရေးမယူဘူးဟု ပြောဆိုသည်။

 

ဓားပြတိုက်မှုအတွင်း မွတ်ဆလင်လူငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးတွင်လည်း ခြေထောက်တွင် ဒဏ်ရာရရှိသွားခဲ့ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။

 

ဓားပြလာတိုက်သည့် အဖွဲ့ကို မွတ်ဆလင်လူငယ်များက ကျောက်ခဲများ၊ အုတ်ကျိုးများဖြင့် အော်ဟစ်ပစ်ပေါက်ရာ ၎င်းဓားပြအဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သွားသည်ဟုလည်း  မျက်မြင်ဒေသခံများက ပြောဆိုသည်။  ( NN-30)

ဆက်စပ် သတင်းများ