တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

၂ ရက်တာထိုးစစ်အတွင်း ကိုးတန်ကောက်စစ်စခန်းကိုသိမ်းပိုက်ပြီး ကြိမ်ချောင်းစခန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၀ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.3k

၂ ရက်တာထိုးစစ်အတွင်း ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်ခြားစောင့် စခန်းအား ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်သိမ်းပိုက်လိုက်ပြီး မောင်တောမြို့နယ် မြောက်ပိုင်းမှ ကြိမ်ချောင်း စခန်းအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေ​ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့မှ ဖေဖော်ဝါရီ ၉ ရက် ၁၀၂၇ စစ်ဆင်ရေး (၁၀၆) ရက်မြောက်နေ့တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၈ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ အနောက် တောင်ပိုင်း၊ အငူမော်-မောင်တောကားလမ်းမဘေးရှိ စစ်ကောင်စီ၏ “ကိုးတန်ကောက် နယ်ခြားစောင့် စခန်း” အား ဒုတိယနေ့ဖြစ်သော ယနေ့ (ဖေဖော်ဝါရီ ၉ ရက်)  နံနက် (၁၁) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင့်တပ်တော်မှ စခန်းတစ်ခုလုံးအား နှစ်ရက်တာထိုးစစ်အပြီး၌ အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြိမ်ချောင်းကျေးရွာအနီး၌ စစ်ကောင်စီ၏ “ကြိမ်ချောင်း နယ်ခြားစောင့်စခန်း (တစ်နည်း) နခခ (၇)” သည် လက်နက်ချအညံ့မခံသောကြောင့် မိမိတို့မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း အဆိုပါစခန်းသည် စစ်ကောင်စီမှ နှစ်ရှည်လများ အခြေချ တပ်စွဲထားကာ အရပ်သားပြည်သူများနေထိုင်ရာနေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်လေ့ရှိသည့် ရန်သူ့စခန်းများထဲမှ တစ်ခုဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

ကိုးတန်ကောက်တိုက်ပွဲအတွင်း ဖေဖော်ဝါရီ ၉ ရက်  နံနက် (၄) နာရီ (၃၀) မိနစ်အချိန်ခန့်က အထိနာနေသည့် စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက် “ခမရ (၅၃၇)” တပ်ရင်းမှ ရသေ့တောင် မြို့နယ်၊ မယူကမ်း၊ မင်းဖူး၊ အောင်မင်း၊ ကျေးတပင်၊ အောင်ဆိပ်နှင့် သံချောင်း ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ချိန်တည်း၌ပင် ဂျက်ဖိုက်တာဖြင့်လည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

ရမ်းဗြဲမြို့အား စစ်ကောင်စီ၏ သိမ်တောင်ကုန်းဘုရားပေါ်၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းမှ ဖေဖော်ဝါရီ ၉ ရက်  နံနက် (၁၁) နာရီ (၁၁) မိနစ်အချိန်ခန့်က ရမ်းဗြဲမြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်နေရာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၉ ရက် ညနေ (၅) နာရီ (၁၅) မိနစ်အချိန်ခန့်က ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့ထဲမှ အိမ်စီးကား (၃) စီးဖြင့်လာကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ (၄) ဦးအား လက်နက်အင်အားသုံးကာ မြို့ထဲဘက်သို့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရက္ခိုင့်တပ်တော် အနေဖြင့် လက်နက်ချအညံ့မခံသောစခန်းတိုင်းအား ယခင်စခန်းများနည်းတူ ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းဖြင့်လည်းဆက်လက် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ