တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ရသေ့တောင်မြို့ကို စစ်ကောင်စီက ဒရုန်းဖြင့် လာရောက်ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ ဧပြီ ၅ / ၂၀၂၄

စစ်ကောင်စီမှ ရသေ့တောင်မြို့ပေါ်ကို ယမန်နေ့ ဧပြီ ၄ ရက်နေ့ နံနက်ပိုင်းက ဒရုန်းဖြင့် လာရောက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

လူဦးရေ တစ်သောင်းခန့် နေထိုင်သည့်  ရသေ့တောင်မြို့ပေါ်တွင် တိုက်ပွဲများ စတင်ဖြစ်ကတည်းက ပြည်သူများမှာ စစ်ဘေးရှောင်နေကြသဖြင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

ဒေသခံ တစ်ဦးက “ရသေ့တောင်ကို မနေ့က မနက်မှာ ဒရုန်းနဲ့ လာပစ်တာရှိတယ်။ နယ်ကိုတော့ မဟုတ်ဘူး။ မြို့ပေါ်ကို လာပစ်တာ။  လူတွေကို မြို့ထဲဝင်ခွင့် မပေးသေးတော့ အထိအခိုက်မရှိဘူး။ မြို့ပေါ်ကလူတွေ အကုန်လုံးက စစ်ဘေးရှောင်နေကြတုန်းပါ” ဟု ပြောသည်။

ရသေ့တောင်တွင်မြို့တွင် တိုက်ပွဲအတွင်း  စစ်ကောင်စီမှ လေယာဉ်အပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍  မြို့ပေါ်ရှိ စေတီတောင်မှ ဘုရားဆင်းတုတော်များအပါအဝင်  မြို့ပေါ်ရပ်ကွက်တစ်ချို့မှ နေအိမ်များ မီးလောင်ပျက်စီးခဲ့မှုများ ရှိခဲ့ပြီး ထပ်မံ၍ ဒရုန်းဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“ စေတီတောင်စေတီရဲ့ အောက်မှာရှိတဲ့ ဘုရားဆင်းတုတော်တွေ ပျက်စီးသွားတယ်။ မိုးထားတဲ့ ခေါင်မိုးတွေရောပဲ။ သူတို့က ဘုရားပေါ်မှ ကိုယ့်ဖက်ကလူတွေရှိတယ်ထင်လို့ ပစ်တာနေမှာ “ ဟုပြောသည်။

ယင်းအပြင်မြို့အနီးရှိ တောင်လှမော်ကျေးရွာအပါအဝင် တောင်ရင်းတန်းရပ်ကွက်၊ ဂူတာပြင်၊ အရှေ့မြောက်ရပ်ကွက်ရှိ နေအိမ်များ၊ စေတီတောင်အရှေ့ စစ်ဘေး‌‌ရှောင်စခန်းနှင့် စေတီတောင် အနောက်စစ်‌‌ရှောင်စခန်းများ မီးလောင်ပျက်စီးခဲ့ရသည်ဟု ရသေ့တောင်မြို့ခံ အမျိုးသားတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“ ပျက်စီးသွားတဲ့ နေအိမ်အရေအတွက်ကိုတော့အတိအကျမသိဘူး။ ဒါပေမယ့် အခုပြောထားတဲ့ ရပ်ကွက်က အိမ်တွေပြာကျ ပျက်စီးသွားတယ်။ ရစရာမရှိတော့ပါဘူး။ ရှင်းလင်းရေးလည်း ပြီးပြည့်စုံအေင် မလုပ်နိုင်သေးဘူး” ဟုပြောသည်။

ယင်းအပြင် ရသေ့တောင်တိုက်ပွဲကာလအတွင်းက စစ်ကောင်စီ၏လေကြောင်းမှပစ်ခတ်သည့် ပေါင် ၅၀၀ ဗုံးသည် အရှေ့တောင်ရပ်ကွက်ရှိ အထက်တန်းကျောင်း အထက(၂) ကျောင်းအနီးတွင် ကျရောက်ခဲ့ပြီး မပေါက်ကွဲဘဲကျန်ရှိနေသေးကြောင်း ၎င်းက ပြောသည်။

ရသေ့တောင်မြို့နယ်တွင် လက်ရှိ အချိန်ထိ ဒေသခံပြည်သူ သောင်နှင့်ချီပြီး စစ်ဘေးရှောင်နေကြရပြီး စားဝတ်နေရေးလည်း ကျပ်တည်းနေကြသည်ဟု ‌၎င်းတို့ က ပြောသည်။

ရသေ့တောင်မြို့နယ်တစ်ခုလုံးကို ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့က အပြီးသတ် သိမ်းပိုက်ခဲ့သည်ဟု  ရက္ခိုင့်တပ်တော်(AA) မှ သတင်း ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ