သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

လက်နက်ကြီးကျည်စထိမှန်၍ ရမ်းဗြဲတွင် အမျိုးသမီးတစ်ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 671

အေးမြတ်ခိုင်၊ နိရဉ္စရာ၊ဧပြီ ၁၀/၂၀၂၄

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ရွာသာယာတွင် စစ်ကောင်စီ ဇက်နေဗီက ပစ်ခတ်သည့် လက်နက်ကြီး ကျည်စထိမှန်၍ အမျိုးသမီးတစ်ဦး သေဆုံးကြောင်း သတင်းရရှိသည်။

ယနေ့ ဧပြီလ ၁၀ ရက် နံနက် နာရီခန့်တွင် ရမ်းဗြဲမြို့နယ် နှင့် မာန်အောင်မြို့‌နယ်အကြား ရေလက်ကြားတွင် ရပ်နားထားသည့် ဇက်နေဗီက ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ရမ်းဗြဲမြို့နယ်၊ ရွာသာယာရွာတွင် ကျရောက်ပေါက်ကွဲကာ ကျည်စထိမှန်ပြီး ဒေါ်အေးသန်းမြင့် (၄၆ နှစ်) သေဆုံးသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"လက်နက်ကြီးက မာန်အောင်ရေတပ် နဲ့ နေဗီတွေက ရမ်းဗြဲကို တောက်လျှောက်ပစ်တာတွေ ရှိပါတယ်။ ဒီနေ့ မနက်ကတော့ ရမ်းဗြဲနဲ့ မာန်အောင်မြို့နယ်ကြား မြစ်ထဲရပ်ထားတဲ့ နေဗီက ပစ်တာပါ။ ကျနော်တို့ ရွာမှာ တစ်လုံးကျပြီး အခုသေသွားတဲ့ အမျိုးသမီးရဲ့ ဗိုက်မှာ ထိတာ။ သွေးထွက်လွန်ပြီး ဆုံးသွားတာပါ"ဟု ပြောသည်။

ရခိုင်စစ်မျက်နာသည် မြောက်ပိုင်းမှ  တောင်ဘက်ပိုင်း မြို့နယ်များအထိပါ ကျယ်ပြန့်လာနေပြီး စစ်ကောင်စီင စစ်ရေးပြင်ဆင်မှုများနှင့်အတူ  စစ်တပ်တပ်ရင်းများ နှင့် နေဗီများမှ လက်နက်ကြီးပစ်ခတ်မှုများ၊ အရပ်သားများကို စစ်မှုထမ်းရန် ဖိအားပေးမှုများ ဆက်တိုက် လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည် စစ်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲမှုတို့ကြောင့် ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ မတ်လ ၂၁ ရက်နေ့အထိ၄ လကျော်အတွင်း အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး ၆၄ ဦးနှင့် အမျိုးသား ၁၁၅ ဦး၊ စုစုပေါင်း ၁၇၉ ဦး သေဆုံးခဲ့ရကြောင်း ULA/AA HDCO က ဧပြီလ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ