သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

သံတွဲဒေသခံပြည်သူများ လုပ်ကိုင်စားသောက်သည့် နေရာများတွင် စစ်ကောင်စီမိုင်းထောင်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 729

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ဧပြီ ၁၁/ ၂၀၂၄

ရခိုင်ပြည်၊သံတွဲမြို့နယ်တွင် ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်သည့် တော၊တောင်များတွင် စစ်ကောင်စီမှ မိုင်းထောင်နေကြောင်း သတင်းရရှိသည်။

သံတွဲမြို့နယ်၊ဘောက်တောင်နှင့် မြို့နှင့် မိုင် ၃၀ ခန့်အကွာရှိ ပုရစ်နှင့်ရေကောက်ရွာဟောင်းနှင့် နီးစပ်သည့် တောထဲနေရာများတွင် စစ်ကောင်စီမှ မိုင်းထောင်နေသည်ဟု သံတွဲမြို့နယ်မှ ဒေသခံ အမျိုးသမီးတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ ဘောက်တောင် ဟိုဖက်မှာဆို ပုရစ်‌ရေကောက်ရွာ၊ ပုရစ်ရေကောက်ကနေဆို ဒါဝရွာ၊ အဲဒီဖက်တွေမှာ စစ်သားအယောက် ၃၀ လောက်စီ ခွဲပြီး တောထဲမှာ မိုင်းထောင်နေကြတယ်။ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာပါ။ မြေကြီးတွေကိုတူးပြီး မြှုပ်နေကြတယ်။ တွေ့တာက သိပ်မကြာသေးဘူး။ ကျမတို့ ဒေသခံတွေဆို မသွားရဲကြတော့ဘူး” ဟု သူမက ပြောသည်။

စစ်ကောင်စီသည် အဆိုပါတောထဲများတွင် ရက္ခိုင့်တပ်တော်(AA)ရှိနေသည်ဟု သံသယဖြင့် မိုင်း‌ထောင်နေခြင်းဖြစ်ပြီး ပြည်သူများအပေါ်ဆိုးကျိုးဖြစ်နိုင်သည်ဟု သံတွဲမြို့ခံတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ သူတို့ မိုင်းထောင်တဲ့ အကြောင်းအရင်းက အေအေတွေ တောထဲမှာနေတယ်ဆိုပြီးထောင်တာ။ ကျောက်ဖြူဖက်မှာဆိုလည်း ဒေသခံတွေ သွားလာလို့မရတော့ဘူး။ မိုင်းမကြာခဏနင်းမိတာနဲ့။ အဓိက သူတို့က ဒေသခံတွေကို ထိခိုက်အောင်လုပ်နေတာ” ဟုပြောသည်။

ယခုကဲ့သို့မိုင်းထောင်ထားသည့် အတွက် တောတောင်များတွင် ဥယျာဥ်၊ ကွမ်းခြံ ၊ထင်းခုတ်သူများနှင့် လယ်သမားများစသည့် လက်လုပ်လက်စားပြည်သူများအတွက် အခက်ခဲဖြစ်နေကြသည်ဟု တောင်ယာ လုပ်ကိုင်စားသောက်နေသည့် သံတွဲမြို့နယ်မှ အမျိုးသားတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

“ အခုဆိုရင် တောထဲကိုမသွားရဲဘူး။ မိုးရာသီအတွက် ထင်းခုတ်တဲ့သူတွေ၊ ကွမ်းခြံလုပ်တဲ့သူတွေ လယ်သမားတွေဆိုရင် နွားချေးဖုတ်ချဖို့အတွက် တောထဲဖက်ကိုမသွားရဲတော့ အခုချိန်မှာ ဝမ်းရေးအတွက် အခက်ခဲဖြစ်နေကြပါတယ်” ဟုပြောသည်။

ယမန်နေ့ ဧပြီ ၁၀ ရက်နေ့ ညနေ ၃နာရီ ခွဲခန့်ကလည်း သံတွဲမှ တောင်ကုတ်သို့အထွက် စစ်ကောင်စီ  ဘာတောင်ဂိတ်စခန်း၏ အနောက်ဖက်ရှိ တောင်တန်းနှင့်လယ်ကွင်းများ ဖက်မှ လက်နက်ငယ်သံများ ထွက်ပေါ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

ရခိုင်တွင် မတ်လ ၃ ရက်နေ့မှ ဧပြီ လ ၉ ရက်နေ့အထိ မိုင်းနင်းမိ၍ ခြေထောက်ပြတ်သူ ၁၀ ဦးနှင့် ဒဏ်ရာရသူ ၂ ဦးအထိ ရှိကြောင်း နိရဥ္စရာမှ ကောက်ယူထားသည့် စာရင်းအရ သိရသည်။

ဆက်စပ် သတင်းများ