ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

AA ထိုးစစ်နီးကပ်လာ၍ ဂွမြို့နယ် ဒေါင်းချောင်းဆင်စခန်း ပြောင်းရွှေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 985

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၁၆ / ၂၀၂၄

 

အာရက္ခတပ်တော် ( AA)  ထိုးစစ် ဂွမြို့သို့ တစ်ဖြည်းဖြည်း နီးကပ်လာသဖြင့် ရခိုင်ပြည် ဂွမြို့နှင့် ဧရာ၀တီတိုင်း ငသိုင်းချောင်းမြို့နယ် အကြားရှိ ဒေါင်းချောင်းဆင်စခန်းကို အခုရက်ပိုင်းတွင်  ပြောင်းရွှေ့သွားကြသည်ဟု သတင်းရရှိသည်။

 

ဒေါင်းချောင်းဒေသခံ မျက်မြင်အမျိုးသားတစ်ဦးက “ မနေ့က ရိုးပေါ်မှာ ဆင်တွေနဲ့ ရွှေ့သွားတာကို တွေ့တယ်။ ပြောင်းနေတာ ၃ ရက်လောက်ရှိပြီ။ အေအေထိုးစစ်က ဂွနားကပ်လာတော့ စိတ်မချရလို့ပြောင်းတာလို့ ပြောတယ်။  ဧရာဝတီတိုင်း သာပေါင်းဖက်ရွှေ့ တယ်ကြားတယ်။ ဝန်ထမ်းမိသားစုတွေကို ကားနဲ့ရွှေ့တယ်။ ဆင်ဦးစီးနဲ့ ဝန်ထမ်းတွေတော့ ဆင်တွေနဲ့သွားတယ်။ တချို့လည်း ခြေလျင်သွားတာတွေ့ရတယ်။ ဆင်ဝိုင်းက ဒေါင်းချောင်းနဲ့ ငါးမိုင်လောက် ဝေးသေးတယ်။ တောထဲကနေ  ဧရာဝတီအထိ လမ်းလျှောက်နေကြရတာ “ ဟုပြောသည်။

 

ဆင်ကောင်ရေ ၄၀ နှင့် လူဦးရေ ၂၀၀ ကျော်ခန့် ရှိသည့် အဆိုပါ ဒေါင်းချောင်းဆင်စခန်းသည် ဧရာဝတီတိုင်း  ငသိုင်းချောင်းဘက်မှ ဂွမြို့သို့ အဝင် ဂွမှ ၇ မိုင် အကွာတွင်တည်ရှိသည်ဟု ဒေသခံများထံမှသိရသည်။

 

တိုက်ပွဲများမှာ ဂွမြို့နယ်အတွင်း ပြင်းထန်နေပြီး အေအေ၏ ထိုးစစ်မှာလည်း  ဂွမြို့အနီးထိ ကပ်လာရာ ဒေါင်းချောင်းရွာ ဆင်စခန်းနှင့် သစ်ထုတ်လုပ်ရေး လုပ်ကွက်ရှိဆင်များနှင့်ဝန်ထမ်းများအား အောက်တိုဘာလ ၁၄ ရက် ၁၅ ၊ ၁၆ ရက်နေ့များတွင် ပြောင်းရွှေသွားခဲ့သည်ဟု ဆင်စခန်းနှင့် နီးစပ်သူ နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။



 

 “ အခု ပြောင်းတဲ့ ဆင်တွေအများစုက သစ်ဆွဲတဲ့ဆင်တွေ မဟုတ်ဘူး။ ချောင်းသာနားက ဆင်စခန်းလို လူတွေကို ပြစားဖို့လုပ်ထားတာ။ တက်စီးပြီး ပိုက်ဆံရှာမလို့။ ရွှေရတီစီမံကိန်းနဲ့အတူ အကောင်အထည်ဖော်လာတာ။  အခု ဒေါင်းချောင်းကဆင်တွေဟာ  သံတွဲစာနီတောင်အနီး ဆင်စခန်းကနေ ပြောင်းလာတာ။ အေအေ သံတွဲကို မသိမ်းခင်ကတည်းက  ပြောင်းထားတာ။ အခုလဲ ဂွကိုသိမ်းတော့မှာမို့ ဧရာဝတီကိုပြောင်းတာ။ သာပေါင်းမြို့ နယ်ထဲက မရမ်းချိုသစ်ထုတ်လုပ်ရေး နေရာဟောင်းကို ပြောင်းတာလို့သိရတယ်” ၎င်းက ဟုပြောသည်။

 

ဒေါင်းချောင်းရွာ ဆင်စခန်းမှ ဆင်များကို ဧရာဝတီတိုင်းသာပေါင်းမြို့နယ်အတွင်းရှိ မရမ်းချိုသစ်ထုတ်လုပ်ရေး နေရာဟောင်းသို့ ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း သာပေါင်းဒေသခံ ဆင်စခန်းနှင့် နီးစပ်သည့် ကုန်သည်အမျိုးသမီး တစ်ဦးက ပြောသည်

 

“ ပြောင်းလာတဲ့သူတွေနဲ့ ဆင်တွေရဲ့ နေထိုင်စားသောက်ရေးအတွက် ဆက်ပြီးရုန်းကန်ရအုံးမယ်။ မရမ်းချို သစ်ထုတ်လုပ်ရေးဘက်မှာက အခု မှဆင်ထားမယ့်နေရာတွေ အသစ်ပြန်လုပ်ရမယ် တွေရှိတယ်။ ဝန်ထမ်းတွေရဲ့ စားဝတ်နေရေးလည်းအ ခက်အခဲ ရှိနိုင်တယ်” ဟုပြောသည်။

 

ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲမှာ တစ်ဖြည်းဖြည်းနှင့် ဂွမြို့ဘက်သို့ နီးကပ်လာနေပြီး လက်ရှိတွင် အာရက္ခတပ်တော် (AA)၏ ထိုးစစ်မှာ ဂွမြို့တောင်ဘက် ၂၅ မိုင် အကွာသို့ ရောက်ရှိလာပြီဖြစ်သည်။

 

အာရက္ခတပ်တော် ( AA) သည် သံတွဲမြို့မှ လက်ကျန် မောင်ရွှေလေးရေတပ်အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့၊ ညနေ (၆) နာရီအချိန်တွင်မှ အပြီးသတ်သိမ်းပိုက်ရယူခဲ့ပြီးနောက်  ဂွမြို့နယ်သို့ တစ်ဆင့်ချင်း ထိုးစစ်ဆင်တိုက်ခိုက်လာရာ သံတွဲမြို့နှင့် ဂွမြို့အကြားရှိ စစ်ရေးအရ အရေးပါသည့် ကျိန္တလီမြို့ကို စက်တင်ဘာ တတိယအပတ်တွင် သိမ်းပိုက် ရရှိခဲ့သည်။

 

ကျိန္တလီမြို့ကို ထိန်းချုပ်ပြီးနောက် AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး ကျောက်ပါးစပ်၊ ဆားချက်၊ ကိုင်းခုံ၊ ဂန့်ဂေါ်တောင်၊ ဘဝင်၊ ကုလားပြင် (ရတနာမြိုင်)၊ ဘဲအင်း၊ ဒယ်ဘုတ်၊  ကူးတို့လေး စသည့် ကျေးရွာများမှ တစ်ရွာပြီး တစ်ရွာ နောက်ဆုတ်ကာ ခုခံတိုက်ခိုက်ခဲ့သော်လည်း AA ထိုးစစ်ကို မတားဆီးနိုင်ဘဲ လက်ရှိ ကြွေချိုင်တွင် တိုက်ပွဲဖြစ်နေပြီဟု​ သိရသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)

ဆက်စပ် သတင်းများ