ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

ဂွမြို့နယ် ကြွေချိုင်ရွာ စစ်ကောင်စီအထိုင်စခန်းကို AA ဝင်တိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 851

(စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ နေအိမ်များပျက်စီး)

 

မင်းသျှင်စော နိရဉ္စရာ ၊အောက်တိုဘာ ၁၆၊၂၀၂၄

 

ဂွမြို့နယ်မြောက်ဘက် ကြွေချိုင်ရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီစခန်းကို အာရက္ခတပ်တော် (AA)မှ ဝင်တိုက်၍ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများမှ တဆင့် သိရသည်။

 

ဒေသခံ စစ်ရေးရင်းမြစ် တစ်ဦးက " ဒီနေ့ ၁၁ နာရီခန့်ကပင် တိုက်ပွဲဖြစ်နေတာ။  အနီးကပ် ပြင်းထန်နေတာပါ။ တော်တော့ကိုပြင်းတယ်။ အေအေကဝင်တိုက်တာ။ စစ်ကောင်စီက အကျအရှုံးများနေပုံရပါတယ်။ အခုက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲနေတယ်။ ရွာထဲလည်းကျတယ်။ နေအိမ်တွေပျက်စီးသွားတယ်" ဟု သူကဆိုသည်။

 

လက်ရှိ တိုက်ပွဲဖြစ်နေသည့် ကြွေချိုင်သည် ဂွမြို့ပေါ်က မြောက်ဘက်  ၂၅ မိုင်အကွာအဝေးတွင် တည်ရှိသော ကျေးရွာကြီးတစ်ရွာဖြစ်သည်။  

 

ကျိန္တလီမြို့ တောင်ဘက်မှ ကျေးရွာအများအပြားသို့ တစ်ရွာပြီး တစ်ရွာ စစ်ကောင်စီ တပ်စွဲခုခံသော်လည်း AA ထိုးစစ်ကို မတားဆီးနိုင်ဘဲ အောက်တိုဘာ ၁၆ ရက်နေ့တွင် တိုက်ပွဲသ​ည် ကြွေချိုင်အထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်ဟု ဆိုသည်။

 

“ စစ်ကောင်စီတပ်က ကုလားပြင်စခန်းသိမ်းပိုက်ခံရပြီးနောက်ပိုင်းမှာ  ကြွေချိုင်အထိ ဆုတ်လာရတာပါ။ အမြောက်တပ်ကတော့ တိုင်ကြိုး ပုဂံတောင်မှာ အထိုင်ချထားတာပါ။ အခု ကြွေချိုင်ကို ဝင်တိုက်တယ်ဆိုရင် အမြောက်တပ်လည်း တပ်ဆုတ်ပြေးရမယ့် အနေအထား ဖြစ်သွားပါပြီ။ အခုက ဆပ်သွားအထက် ကျောင်းတောင်အထိ တပ်ဆုတ်ရတော့ မကြာခင် ဆပ်သွားလည်း တိုက်ခိုက်ခံရနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။  

 

ဆပ်သွားအနောက်ဘက် ကျောင်းတောင်ရွာမှ ကျေးရွာသားများကိုလည်း စစ်တပ်က မောင်းထုတ်ပြီး စစ်တပ်အခိုင်အမာ တပ်စွဲနေရာယူထားသည်ဟု သိရသည်။

 

စစ်ကောင်စီသည်  ကျောင်းတောင်၊ ဆင်ကူးကျေးရွာတို့တွင်  တို့တွင်လက်နက်ကြီးများ  တပ်ဆင်ကာ အင်အားအများအပြားဖြင့် ခံစစ်တည်ဆောက်ထားသည်ဟု သိရသည်။  

 

AA ၏ ထိုးစစ်သည် ဂွမြို့နှင့် တဖြည်းဖြည်းနီးကပ်လာနေပြီး ဂွအခြေစိုက် တပ်ရင်း ၂ ခုဖြစ်သည့် ၅၆၂ နှင့် ၅၆၃ တပ်ရင်းတို့တွင်လည်း စစ်သားများ ရှေ့တန်းသို့ ထွက်တိုက်နေရသဖြင့ အင်အားမရှိဖြစ်နေ၍  ဧရာ၀တီတိုင်းမှ တပ်အင်အားများနှင့် ဖြည့်တင်းထားရသည်ဟု သိရသည်။

 

ဧရာ၀တီတိုင်းအတွင်းတွင်လည်း ရခိုင်နှင့် နယ်စပ်ချင်းထိစပ်နေသည့် မြို့နယ်များကို  AA နှင့် ဒေသခံ PDF များ ဝင်တိုက်ရန် သတင်းဖြစ်ပေါ်နေသဖြင့် လုံခြုံရေး တိုးမြှင့်ထားသော်လည်း အင်အား မလုံလောက်၍ အခက်အခဲဖြစ်နေသဖြင့် ပြည်သူ့စစ်များဖြင့် အားဖြည့်ထားရသည်ဟု ဆိုသည်။

ဆက်စပ် သတင်းများ