တနင်္ဂနွေ၊ အောက်တိုဘာလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ် ချောင်းသုံးခွကျေးရွာကို စစ်ကောင်စီဗုံးကြဲ အမျိုးသမီး ၂ ယောက်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 378

မင်းသျှင်စော၊ နိရဉ္စရာ ၊အောက်တိုဘာ ၂၀ ၊ ၂၀၂၄

ရခိုင်ပြည်၊တောင်ကုတ်မြို့နယ်၊ ချောင်းသုံးခွကျေးရွာကို တိုက်ပွဲတစ်စုံတစ်ရာ မရှိဘဲ စစ်ကောင်စီလေတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိပါသည်။

ယမန်နေ့ အောက်တိုဘာ ၁၉ ညအချိန် နံနက်အစောကြီး  ၁ နာရီကျော်အချိန် တွင် ဗုံး ၄ လုံး လာရောက် ကြဲချခဲ့ကြောင်း အမျိုးသမီး ၂ ဦး ထိခိုက် ပြင်းထန်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းနင့်နေအိမ်အချို့ ပျက်စီးသွားသည်ဟု သိရသည်။

ဒဏ်ရာရရှိသွာသူ အမျိုးသမီး ၂ ဦးမှာ ချောင်းသုံးခွကျေးရွာနေ ဒေါ်မချစ်စု (၃၈) နှစ်နှင့်  ဒေါ်ရီရီစိုး( ၄၈) နှစ်တို့ဖြစ်ကြသည်။ ၎င်းပြင် သူတို့၏ နေအိမ်ခြံတွင်းတွင် ချည်ထားသောနွား ၂ ကောင်နှင့်ဝက် တစ်ကောင် သေဆုံးသွားသည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"ည ၁ နာရီကျော်မှာလာပြီး ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတာပါ။ အမျိုးသမီးနှစ်ဦး ပြင်းထန်ဒဏ်ရာရပြီး၊ နွားနှစ်ကောင်နဲ့ ဝက်တစ်ကောင်သေတယ်။ ဘုန်းကြီးကျောင်းကတော့ အပျက်အစီးများတယ်"ဟု ပြောသည်။

ဒဏ်ရာရသူ မချစ်စုမှာ ဘက်ဖက်အရိုးကျိုးသွားပြီး မရီရီစိုးမှာ ဘယ်ဖက်ခြေထောက် ပြင်းထန် ဒဏ်ရာရရှိသည်ဟုဆိုသည်။

ဗုံးကြဲတိုက်ခိုက်မူကြောင့်ချောင်းသုံးခွ ဘုန်းတော်ကြီးကျောင်း၊ဓမ္မာရုံ၊ ဆွမ်းစားဆောင်တို့ပျက်စီးခဲ့ပြီး နေအိမ် ၃ ဆောင်ထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

အာရက္ခတပ်တော် (AA) သည် တောင်ကုတ်မြို့  စကခ (၅) အပါအဝင် ၎င်းမြို့ရှိ အခြေစိုက် စခန်းများ တိုက်ခိုက်သွားမည်ဟု တရားဝင် ထုတ်ပြန်ကြေညာထားပြီး တောင်ကုတ်မြို့ကိုလည်း ဘေးပတ်ပတ်လည်က ဝိုင်းရံထားသဖြင့် အေအေတပ်ဖွဲ့ဝင်များ ရှိနိုင်မည်ထင်သည့် ကျေးရွာများကို ညအချိန် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေရာ အရပ်သားပြည်သူများ မကြာခဏ ထိခိုက် သေဆုံးမှုများ ရှိနေသည်ဟု သတင်း ရရှိသည်။

ဆက်စပ် သတင်းများ