Preview

စစ်ကောင်စီသည် ရခိုင်သို့ ကုန်ပစ္စည်းတင်ပို့သည့် ကုန်ကားများကို ဖမ်းဆီးသည်သာမက လာဘ်ပေးလာဘ်ယူမှု ပြုလုပ်သည့် စစ်တပ်အရာရှိကြီးများကိုပါ ဖမ်းဆီးအရေးယူ

အောက်တိုဘာ ၂၉/ ၂၀၂၄ | ကြည့်ရှုသူ :1432
ရခိုင် သတင်း

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၈ / ၂၀၂၄

စစ်ကောင်စီသည် မြန်မာပြည်မမှ ရခိုင်သို့ ကုန်ပစ္စည်းတင်ပို့သည့် ကုန်တင်ကားများနှင့် စက်လှေ၊ မော်တော်ဘုတ်များကို ဖမ်းဆီးသည်သာမက အဆိုပါတင်ပို့ရာတွင်လာဘ်ပေး လာဘ်ယူမှု ပြုလုပ်သည့် စစ်တပ်အရာရှိကြီးများကို ဖမ်းဆီး အရေးယူမှုများ ပြုလုပ်နေသည်ဟုသတင်းရရှိသည်။

ယခုရက်ပိုင်းအတွင်း ဧရာ၀တီတိုင်းမှတဆင့်ရခိုင်ပြည်ဘက်သို့ စားသောက်ကုန်တင်ထားသည့် ကုန်ကားတချို့အား အိမ်မဲမြို့နယ်၊ကျွန်းကုန်းရွာတွင် ဖမ်းဆီးထားကြောင်း ဝါးခယ်မမြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

“  ဒီရက်ပိုင်းအတွင်း ရခိုင်ကို ပို့တဲ့ ကား ခုနှစ်စီးကို အိမ်မဲမှာ ဖမ်းတယ်။ အိမ်မဲမြို့က ကျွန်မတို့ ဝါးခယ်မဖက်နဲ့ဆက်စပ်နေတယ်။ ရခိုင်နဲ့  နီးတော့ ကုန်စည်အသွားအလာကရှိတယ်။ ဝါးခယ်မနဲ့ ရခိုင်ရေလမ်းက ကုန်သွယ်နေတာ ခေတ်အဆက်ဆက်ကြာခဲ့ပါပြီ။ အခုတလောပိုပြီး စစ်တပ်က စစ်ဆေးနေတော့ ရခိုင်ကိုကုန်တင်လို့မ၇တော့ဘူး။ ခွင့်မပြုဘူး။စစ်တပ် စသုံးလုံးကပါ လာစစ်ဆေးနေတယ်”ဟု ပြောသည်။

အဆိုပါ ကုန်ကားများသည်  ရန်ကုန်မှ စားသောက်ကုန်ပစ္စည်းတင်လာသည့်ကုန်ကားများ ဖြစ်ကြပြီး ဧရာ၀တီတိုင်းမှ တဆင့်ရခိုင်ပြည်နယ်ဘက်သို့ သင်္ဘောဖြင့် မပို့မီ အခုရက်ပိုင်း  အတွင်းဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သူမက ဆက်ပြောသည်။

စစ်ကောင်စီအားထောက်ခံရေးသားနေသည့် တယ်လီဂရမ်ချန်နယ်တချို့တွင်လည်းအာရက္ခတပ်တော် (AA) ထံသို့ ရိက္ခာတင်ပို့မည့် ကုန်ကားခုနစ်စီးကိုအောက်တိုဘာ ၂၁ ရက်တွင် ဧရာ၀တီတိုင်း အိမ်မဲတွင် ဖမ်းဆီးလိုက်သည်ဟုဖော်ပြမှုများရှိနေကြောင်း သိ၇သည်။

၎င်းပြင် စစ်ကောင်စီက ရခိုင်သို့စားသောက်ကုန်ပစ္စည်းများအား လာဘ်ယူပြီး ခွင့်ပြုပေးခဲ့သည့် စစ်တပ်က အရာရှိကြီးများကိုလည်း အောက်တိုဘာလ ပထမပတ်အတွင်း ဖမ်းဆီး အရေးယူမှု ပြုလုပ်ခဲ့သည်ဟု သိ၇သည်။

အရေးယူခံခဲ့ကြရသူများမှာ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး မျိုးညွန့်ဦး၊ စစ်ဦးစီး ဗိုလ်မှူးကြီး အောင်ဆန်းလွင်၊ဒုတိယ ဗိုလ်မှူးကြီး ကျော်စွာထွန်း၊ ဗိုလ်မှူး စိုးရန်နိုင်နှင့် တပ်ရင်းမှူးအဆင့်နှစ်ဦးအပါအဝင် စုစုပေါင်း ခြောက်ဦးဖြစ်ကြောင်း သိရှိ၇သည်။

၎င်းတို့သည် ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ငါးသိုင်းချောင်းမြို့၊ ပုသိမ်-မုံရွာလမ်းမကြီးနှင့် ဂွ-ငါးသိုင်းချောင်း လမ်းဆုံရှိရေနံ့သာစစ်ဆေးရေးဂိတ်တွင် စက်သုံးဆီ၊ စားနပ်ရိက္ခာ၊ ဆေးဝါးအပါအဝင်ကုန်ပစ္စည်းများအား ရခိုင်သို့ လာဘ်ငွေသိန်းထောင်ပေါင်းများစွာရယူခွင့်ပြုခဲ့မှုဖြင့် အရေးယူခံရခြင်း ဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှသိရသည်။

ဖမ်းဆီးခံထားရသည့်စစ်တပ်အရာရှိကြီးများ၏ ပိုင်ဆိုင်မှုများအား စစ်ကောင်စီက ချိပ်ပိတ် သိမ်းဆည်းထားသည့်အပြင်အိမ်ခြံမြေ၊ KTV နှင့် ဘဏ်စာအုပ်များကိုပါ လတ်တလော သိမ်းဆည်းထားကြောင်းလည်း ဒေသတွင်း သတင်းများတွင် ဖော်ပြကြသည်။
 
ပြီးခဲ့သည့်ဇူလိုင် ပထမပတ်အတွင်းကလည်း ရခိုင်ပြည်နယ်သို့တင်ပို့မည့် ကျပ်သိန်းပေါင်း ခြောက်သောင်းခန့်တန်ဖိုးရှိ စားသောက်ကုန်စည်များ သယ်ဆောင်လာသည့် စက်လှေ တစ်စင်းကို ဧရာ၀တီတိုင်း၊ချောင်းသာကမ်းခြေအနီးတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ရခိုင်နိုင်ငံရေးသမားတစ်ဦးက “ ၇ခိုင်ပြည်ကိုလုံး၀ ကပ်ဘေးဆိုက်အောင် စစ်ကောင်စီက စီမံကိန်းတွေချပြီး လုပ်ဆောင်နေတာ။ အထူးသဖြင့်အငတ်ဘေးကျရောက်အောင် ဖန်တီးပြီး ၇ခိုင်ပြည်သူတွေ စစ်ကို လုံး၀ မလိုချင်အောင်၊ မကြားချင်အောင်ထိဖြစ်သွားအောင် လုပ်ဆောင်နေတာ” ဟု ပြောဆိုသည်။  

ယခုကဲ့သို့ လူသာမျိုးနွယ်တစ်ခုလုံး အငတ်ဘေးကျရောက်အောင်နှင့်ကျန်းမာရေးစောင့်ရှောက်မှု မရအောင် ကုန်သွယ်ရေး လမ်းကြောင်းများအား ပိတ်ဆို့ခြင်း၊အမိန့်အာဏာဖြင့် ကန့်သတ် ပိတ်ပင်ခြင်းများသည် လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းပင်ဖြစ်ကြောင်း၎င်းက ပြောကြားသည်။

ရခိုင်ပြည်ဘက်သို့ ကုန်းလမ်း၊ ရေလမ်းများမှ ကုန်ပစ္စည်းများ သယ်ယူခွင့်ကို ၇ခိုင်တကျော့ပြန် တိုက်ပွဲ စတင်ဖြစ်ပွားသည့်၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ပြီး စစ်ကောင်စီင တင်းတင်းကျပ်ကျပ် ပိတ်ထားသဖြင့်ရခိုင်ပြည်တွင် စားနပ်ရိက္ခာများအပြင် ဆေးဝါးများလည်း ပြတ်လပ်ကာ ပြည်သူတစ်ရပ်လုံး အတိဒုက္ခကျရောက်နေကြသည်ဟုသိရှိ၇သည်။

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.