နိရဥ္စရာ၊
ဇန်နဝါရီ ၈ /၂ဝ၂၃
ရခိုင်ပြည်နယ်၊
စစ်တွေမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက လုပ်ကြံခံလိုက်ရသည့်
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP/ALA)မှ
စစ်ဦးစီးချုပ်နှင့် တပ်မှူး ၂ ဦးတို့၏စျာပနသို့ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)
နှင့် ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး
(AASYC) တို့က ယနေ့တွင်
ဝမ်းနည်းကြောင်း သဝဏ်လွှာ
အသီးသီးပေးပို့ခဲ့ကြသည်။
လုပ်ကြံခံရ၍ကျဆုံးသွားသူတို့၏ ကျန်ရစ်သူ
မိသားစုဝင်များ၊ ALP/ALA တပ်ဖွဲ့ဝင်များနှင့်အတူ
ထပ်တူဝမ်းနည်း ကြေကွဲရသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်
လူငယ်များအစည်းအရုံး (AASYC)က
ယနေ့ ဇန်နဝါရီ ၈ ရက်တွင် ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။
AASYC အနေဖြင့်
ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်မှုအပါအဝင် လူသားမျိုးနွယ်အပေါ် အကြမ်းဖက်မှုနှင့်
မည်သည့် လူမဆန်စွာ ဥပဒေမဲ့ သတ်ဖြတ်မှုလုပ်ရပ်မျိုးကိုမဆို
ပြင်းထန်စွာ ကန့်ကွတ်ရှုံ့ချသည်ဟုလည်း ဆိုထားသည်။
ယခုလုပ်ကြံခံရမှုတွင် ကျဆုံးသွားခဲ့သော
ဗိုလ်ချုပ် ခိုင်စိုးမြမှာ ရခိုင်အမျိုးသားတော်လှန်ရေးတွင် တာဝန်
ထမ်းဆောင်လာသည်မှာ နှစ်ပေါင်း (၄၀) နီးပါးခန့်ရှိခဲ့ပြီး
အနောက်ဖက်စစ်ဒေသတွင် ALP/ALA ပါတီ၏
စစ်ရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သူတဦးဖြစ်သလို
ပါတီ၏ အရေးကြီးသည့် ခေါင်းဆောင်တဦးလည်း ဖြစ်ကြောင်း သိရှိထားသည်ဟု
ဆက်လက်ဖော်ပြထားသည်။
မပြီးပြတ်သေးသည့် တော်လှန်ရေးတာဝန်ကို
ထမ်းဆောင်နေရင်း ဗိုလ်ချုပ် ခိုင်စိုးမြအပါအဝင် တပ်မှူးနှစ်ဦးတို့
ကျဆုံးသွားသော်လည်း ALP/ALA အနေဖြင့် ကျန်ရှိနေသည့်တပ်ဖွဲ့ဝင်များနှင့်
ရခိုင့်ကံကြမ္မာရခိုင်ဖန်တီးခွင့် မရရှိသေးသရွေ့
ဆက်လက်တိုက်ပွဲဝင်ကြနိုင်လိမ့်မည်ဟု ယုံကြည်လျက် ဤဝမ်းနည်းကြောင်း
သဝဏ်လွှာအား ပေးပို့အပ်ပါသည်ဟုလည်း AASYC ၏ သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။
အလားတူ
ရခိုင်ပြည်အမျိုးသားကောင်စီကလည်း ယခုလုပ်ကြံမှုတွင် ကျဆုံးသွားသည့် ပုဂ္ဂိုလ်များအတွက်
ALP/ALA မှတပ်ဖွဲ့ဝင်များနှင့်တကွ
ကျန်ရစ်သူမိသားစုများနည်းတူ မိမိတို့ ရခိုင်ပြည်အမျိုးသားကောင်စီ/ရခိုင်ပြည်တပ်မတော်(ANC/AA)ကလည်း ထပ်တူ
ဝမ်းနည်းကြေကွဲရပါသည်ဟု ဖော်ပြထားသည်။
ALP/ALA သည်
မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးသည့်ဖြစ်စဉ်၌
အခြေအနေအကြောင်းအမျိုးမျိုးကြောင့်ပါဝင်နေရသော်လည်း ရခိုင်တော်လှန်ရေး၊
နိုင်ငံရေးအဖွဲ့အစည်းအသီးသီး၏ ဘုံရည်မှန်းချက်ဖြစ်သော အမျိုးသားတန်းတူရေးနှင့်
ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးကို မစွန့်လွှတ်သေးသလို
ကျဆုံးသွားသော ALP/ALA တပ်ဖွဲ့ဝင်များသည်လည်း
ယနေ့ခေတ် ယနေ့ကာလလို
ဆိုရှယ်မီဒီယာဖြင့် ရခိုင်ပြည်သူတစ်ရပ်လုံး တော်လှန်ရေးကို စိတ်ကူးယဉ်ဝံ့သူပင်
လက်ချိုးရေတွက်နိုင်သည့်ကာလကတည်းက အခက်အခဲအကျပ်အတည်းအမျိုးမျိုးကို ကြံ့ကြံ့ခံလျက်
ရခိုင်အမျိုးသားတို့၏ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားအတွက်
ရုန်းကန်တိုက်ပွဲဝင်လာသူများဖြစ်ကြောင်း အသိအမှတ်ပြုပါသည်ဟုလည်း
ဖော်ပြထားသည်။
ယခုကဲ့သို့
ရခိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ရပ်အား နည်းမျိုးစုံဖြင့်
ပျက်စီးရာပျက်စီးကြောင်း ကြံစည်လုပ်ဆောင်နေကြသူများအားလည်း
အမျိုးသားတော်လှန်ရေးအင်အားစုအတွင်း မတူကွဲပြားမှုများကို
အပြုသဘောဖြင့် ညှိနှိုင်းအဖြေရှာလိုသည့် အမျိုးသားညီညွတ်ရေးဓာတ်ခံမရှိဘဲ
“ငါနှင့်အတူ ငါ့ရန်သူ”အယူအဆဖြင့် ရခိုင်လူ့အဖွဲ့အစည်းအတွင်း
“မင်းမဲ့စရိုက်”နှင့် “လက်နက်ကိုင်အကြမ်းဖက်ဝါဒ”ကို
အသက်သွင်းနေကြသူများအဖြစ် ပြင်းထန်စွာရှုံ့ချသည်ဟုလည်း
ရခိုင်ပြည်အမျိုးသားကောင်စီ၏ သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။
လုပ်ကြံသတ်ဖြတ်ခြင်းခံရသူ ၃ ဦးမှာ ALP မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ
(၅၃)နှစ်၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုး
(၃၄)နှစ်နှင့် ဗိုလ်ကြီး ကျော်မင်းစိုး(ခ)ခိုင်သူရိန္ဒ(၃၁)နှစ်တို့ဖြစ်ကြသည်။
သူတို့ဦးသည် ဇန်နဝါရီလ
၄ ရက်၊ နံနက် ၇ နာရီကျော်တွင် စစ်တွေမြို့၊ ဝေသာလီအားကစားကွင်းတွင်
ပြည်နယ်အစိုးရကဦးဆောင်ကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့
တက်ရောက်အပြီး အိမ်စီးကားတစ်စီးဖြင့် ပြန်လာစဉ် စက်ရုံစုရပ်ကွက်ရှိ
ဆီတန်းအနီး၌ အမည်မသိလက်နက်ကိုင်အချို့က
သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်သည်။
သူတို့၏ရုပ်အလောင်းများကို
ယနေ့တွင် စစ်တွေသုသာန်၌ မီးသင်္ဂြိုလ်သွားမည်ဟု သိရသည်။
ယခုကဲ့သို့
လုပ်ကြံမှုမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏ လက်ချက်ဖြစ်သည်ဟု ALP က ဇန်နဝါရီလ ၅
ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ALP ၏စွပ်စွဲထုတ်ပြန်မှုနှင့်ပတ်သက်ပြီး
ULA/AA ပြောခွင့်ရသူ
ဦးခိုင်သုခက ယခုစွပ်စွဲချက်မှာ အခြေအမြစ်မရှိသည့်စွပ်စွဲချက်သာဖြစ်ပြီး
ပြဿနာရှုပ်ထွေးအောင် အခြားအင်အားစုတစ်ခုခုက ဖန်တီးချင်၍
လုပ်ကြံခြင်းဖြစ်နိုင်သည်ဟု နိရဥ္စရာကို တုံ့ပြန်ပြောဆိုထားသည်။