AA ပစ်ခတ်သည့် လက်နက်ကြီးကျည် အမ်းနပခအတွင်း ကျရောက်ပေါက်ကွဲ၍ စစ်ကောင်စီအရာရှိအချို့ သေဆုံး၊ ဒဏ်ရာရဟုသတင်းထွက်ပေါ်
-
ရေးသူ:
Web Master
-
| ရက်စွဲ:
၁၁ ဧပြီ ၂၀၂၄
-
| ကြည့်ရှုသူ:
2.6k
(အမ်းမြို့နေရာ ၄ ခုတွင် တိုက်ပွဲဖြစ်ပွားနေ)
သဉ္ဇာနွယ်၊ နိရဉ္စရာ၊
ဧပြီ ၁၀/ ၂၀၂၄
ရက္ခိုင့်တပ်တော်(AA)
ကပစ်လိုက်သည့်
လက်နက်ကြီးကျည်များသည် အမ်းအခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး
ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်ကောင်စီအရာရှိတချို့
သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့သည်ဟု သတင်းထွက်ပေါ်နေကြောင်း အမ်းဒေသခံတစ်ဦးက
ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၉
ရက်နေ့ညနေ ၇ နာရီခွဲခန့်ကတိုက်ပွဲအတွင်း AA ကပစ်ခတ်သည့် လက်နက်ကြီး ကျည်များသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်အကူလက်ရုံးတပ်ထဲကို ကျရောက် ပေါက်ကွဲသဖြင့် ဆက်သွယ်ရေးတပ်မှ
ဗိုလ်မှူးတစ်ဦး လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးပြီး နောက်ထပ် အရာရှိနှင့်
တပ်သားတချို့ထိခိုက်ဒဏ်ရာရရှိကြကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက
နိရဉ္စရာအားပြောသည်။
“ မနေ့က ညတိုက်ပွဲမှာ
ရက္ခိုင့်တပ်တော်က ပစ်လိုက်တာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း ကျသလို စစ်အကူလက်ရုံးတပ်ထဲ ကျရောက်ပေါက်ကွဲပြီး ဆက်သွယ်ရေးတပ်က ဗိုလ်မှူးတစ်ယောက်သေတယ်။ ဆက်သွယ်ရေးတပ်က
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ဆိုရင် လမ်းတစ်လမ်းပဲခြားတယ်။
အဲဒီအချိန်ကစပြီး အဲဒီဗိုလ်မှူးက ပြင်းထန်ဒဏ်ရာရနေတာ။ ဒီနေ့
နေ့လယ်မှာဆုံးသွားတယ်။ နာမည်ကိုတော့ စုံစမ်းနေပါတယ်” ဟုပြောသည်။
ရက္ခိုင့်တပ်တော်(AA)မှ ယမန်နေ့ဧပြီ ၉
ရက်နေ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဌာနချုပ်အနီးတွင်ရှိသည့်
စစ်ကောင်စီ၏ ဆက်သွယ်ရေး
တပ်အတွင်းသို့ ကျ ရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဆက်သွယ်ရေးတပ်မှ
ဗိုလ်မှူးထံတွင် လက်နက်ကြီး ကျည်စထိပြီး
ဒဏ်ရာပြင်းထန်ခဲ့ကာ ယနေ့ဧပြီလ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ဆေးကုသမှု ခံယူရင်း သေဆုံးသွားခြင်းဖြစ်ကြောင်း အမ်းဒေသခံတစ်ဦးကလည်း နိရဉ္စရာ သတင်းဌာန ကိုပြောသည်။
ယနေ့ဧပြီလ
၁၀ရက်နေ့တစ်ရက်လုံး လုံးရွာအနီးရှိ နတ်စင်တောင်၊ ကြောင်ဖြူကွင်းရွာ အနီးရှိ တောင်တန်း၊ ခမရ(၃၇၃) တပ်အနီးက
တောင်တန်းများ၊တောဟိန်းတောင်ဗျူဟာကုန်း တို့တွင် တိုက်ပွဲ
ပြင်းထန်လျက်ရှိပြီး ကြည်း၊ရေ၊လေဖြင့် ဗုံးကြဲတိုက်ခိုက်နေသဖြင့်
ဒေသခံများမှာလည်း စိုးရိမ်နေရကြောင်း အမ်းမြို့နယ်မှ အမျိုးသမီးတစ်ဦးက
နိရဉ္စရာ သတင်းဌာန ကိုပြောသည်။
“ တိုက်ပွဲက နေရာ ၄ ခုမှာ
ပြင်းထန်နေတယ်။ စစ်ကောင်စီဖက်ကလည်း သူတို့တိုက်လို့ရရတဲ့ နည်းနဲ့တိုက်နေပါတယ်။ အမ်းလေယာဉ်ကွင်းကလည်း
လေယာဉ် အတက်အဆင်းတွေ တောက်လျှောက်ရှိနေတယ်။ ကျမတို့လည်း ဘယ်နေ့
လက်နက်ကျည်ကျမလဲမသိဘူးဆိုပြီး စိုးရိမ်နေတယ်။ တောက်လျှောက်
တစ်နေကုန်လက်နက်ကြီး၊
လက်နက်ငယ်အသံကြားနေရပါတယ်”
ဟုပြောသည်။
စစ်ကောင်စီသည်
အမ်းမြို့အဝင်အထွက်ကို ပိတ်ထားသည့်အတွက် မြို့ပေါ်ဒေသခံများမှာ စားနပ်ရိက္ခာ ပြတ်တောက်အောင်ပြုလုပ်နေပြီး
လူသားဒိုင်းကာအဖြစ်လုပ်နေသည်ဟု အမ်းဒေသခံများက ပြောသည်။
ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်ကောင်စီ အရာရှိတချို့ သေဆုံးဒဏ်ရာရရှိမှုနှင့်
ပတ်သက်၍ နိရဉ္စရာမှ လတ်တလော သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
အမ်းမြို့သိမ်းတိုက်ပွဲသည်
အရှိန်အဟုန်ကောင်းနေပြီး စစ်ကောင်စီဖက်မှလည်း အမ်းမြို့ကို
အလွယ်တကူလက်မလွတ်ပေးနိုင်သည့်အတွက် တန်ပြန်တိုက်ခိုက်မှုများ ရှိနေသဖြင့် တိုက်ပွဲပြင်းထန် နေကြောင်း သတင်းရရှိသည်။