အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ကောင်စီ ဒေသအာဏာပိုင်များက ကျောက်တော်ရှိ စစ်ဘေးရှောင်များကို အခမဲ့လုပ်အားပေးစေခိုင်းနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ စစ်ကောင်စီ ဒေသအာဏာပိုင်များက စစ်ဘေးရှောင်များကို ဌာနဆိုင်ရာများတွင် အခကြေးငွေမပေးဘဲ လုပ်အားပေး စေခိုင်းမှုများ  ရှိနေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လမှစတင်ကာ လက်ရှိအချိန်ထိ ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ပညာရေးဌာနရုံးများနှင့် ပြည်သူ့ဆေးရုံတို့တွင် ပိန်းပင်၊ မြက်ပင်များနှင့် အမှိုက်သရိုက်များကို အခကြေးငွေ တစ်စုံတစ်ရာမပေးဘဲ ခိုင်းစေမှုများ ရှိနေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ကျောက်တော်မြို့၊ ဘောလုံးကွင်းစခန်းမှ စစ်ဘေးရှောင်တစ်ဦးက "ဆေးရုံမှာ အပင်တွေ‌ပေါက်နေလို့ လာရှင်းလင်းပေးဖို့ ခေါ်လာတာပါ။ ဆေးရုံဆိုတော့ အများသုံးပြည်သူသုံးဆိုတော့ စိတ်ထဲမှာ ဘာမှမရှိပေမယ့် တစ်ဘက်ကကြည့်မယ်ဆိုရင် နှိမ်တယ်လို့ ခံစားရပါတယ်။ စေတနာပါလို့ သွားလုပ်တာမဟုတ်ပါဘူး။ မကောင်းတတ်လို့ သွားရတာ။ ဘာလို့လဲဆိုတော့ ဆေးရုံကိုနေမကောင်းလို့သွားပြတော့ စစ်ဘေးရှောင်ဆိုရင် အဆဲအဆို ခံနေရတာတွေရှိနေတော့ ဒါတွေက လွှတ်အောင် သွားလုပ်ပေးတာဖြစ်ပါတယ်" ဟု နိရဉ္စရာ သတင်းဌာနကို ပြောသည်။

စစ်ဘေးရှောင်များမှာ ကျေးလက်တောရွာများမှ လာရောက်ကြသူများဖြစ်သလို ဆင်းရဲနွမ်းပါးကြသူများဖြစ်သဖြင့် စစ်ကောင်စီ တာဝန်ရှိသူများ၏ စေခိုင်းမှုအတိုင်းမငြင်းဆံဝံ့ဘဲ လုပ်နေကြရသည်ဟု ဆိုသည်။

ထိုသို့ လုပ်အားပေးနေရသည့် စစ်ဘေးရှောင်စခန်းများမှာ ကျောက်တော်မြို့ပေါ်ရှိ ဘောလုံးကွင်း၊ မီးရထားဘူတာ၊ သိမ်ပြင်၊ ကဝိရတနာ၊ နေပူခံ၊ မဟာကံကြီးရှင်၊ မြို့တော်ခန်းမ၊ ရွှေကျောင်းနှင့် သရက်အုပ်ကယ်ဆယ်ရေးစသည့် စစ်ဘေးရှောင် စခန်းများဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ဌာနဆိုင်ရာများက စစ်ဘေးရှောင်စခန်းတစ်ခုလျှင် ၅ ဦးမှ ၁၅ ဦးအထိ ခေါ်ယူခိုင်းစေနေခြင်းဖြစ်ပြီး မငြင်းဆန်ဝံ့၍ သွား‌ရောက် လုပ်‌ဆောင်နေရသည်ဟုလည်း ကျောက်တော်မြို့၊ မီးရထားဘူတာစခန်းမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

"ကျွန်တော်က အစိုးရဌာနကဆိုတော့ မငြင်းရဲဘူး။ မချစ်လည်း အောင့်ကာ နမ်းရတာပေါ့။ စခန်းအားလုံးကသွားတော့ ကျွန်တော်တို့လည်း သွားတဲ့သဘောပါ။ ပိန်းပင်တွေ၊ မြက်ပင်တွေကို သန့်ရှင်းရေးလုပ်ရတာပါ။ အခုဆိုရင် ၃ ခါလောက် ရှိပြီ" ဟုပြောသည်။

ထိုသို့ လုပ်အားပေးရန် မဖြစ်မနေသွားရမည်ဟု ပြောဆိုခြင်းမျိုး မရှိသော်လည်း သန့်ရှင်းရေးလုပ်အား‌ပေးရမည့်နေ့တွင် ရောက်မလာသည့်စခန်းများအား ဖုန်းဆက်ခေါ်ယူခြင်းလည်း ရှိနေကြောင်း ကျောက်တော်မြို့၊ သိမ်ပြင်‌ကျောင်းတိုက်စခန်းမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

"ဘယ်စခန်းက ဘယ်နေရာလုပ်ရမယ်ဆိုပြီး မဲနှိုက်ရတာရှိတယ်။ အဲဒီနေရာပြီးရင် ပြန်လို့ရပြီ။ ကျွန်မတို့နေရာပြီးတော့ ဆေးရုံကဝန်ထမ်းတစ်ယောက်က နင်တို့မှာပြီးရင် ဒီမှာလာလုပ်အုံး။ အမှိုက်တွေရှိသေးတယ်။ လာကောက်အုံး ပြောသေးတယ်။ ဒီလိုပြောတော့ ကျွန်မတို့ကို စစ်ဘေးရှောင်ဆိုပြီး နှိမ်သလိုခံစားရတယ်။ အခငွေလည်း ရတာမဟုတ်ဘူး" ဟုပြောသည်။

ကျောက်တော်မြို့‌ပေါ်ရှိ စစ်ဘေးစခန်းတာဝန်ရှိသူများအား ဌာနဆိုင်ရာက အစည်းအဝေးခေါ်ယူပြီး အစိုးရဌာနဆိုင်ရာများတွင် စခန်းတိုင်းမှ လုပ်အားပေးရမည်ဟု ခေါ်၍ပြောဆိုခြင်းရှိခဲ့သည်ဟုလည်း ၎င်းတို့က ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်ဘေးရှောင်စခန်းတစ်ခု၏ တာဝန်ခံတစ်ဦးက "ကျွန်တော်တို့ အစတုန်းက နေပူခံစစ်ဘေးရှောင်စခန်းက ဆေးရုံနဲ့ သင်္ချိုင်းတို့မှာ ကိုယ့်အသိစိတ်နဲ့ကို လုပ်အားပေးကြတယ်။ ဒီနှစ်ကတော့ မိုးကလည်း ပွဲခါစ ဖြစ်တယ်။ ပိန်းပင်တွေလည်း တောထနေတော ထွေအုပ်ရုံးက၊ ထွေအုပ်ရုံးမှာပဲ လွန်ခဲ့တဲ့ သုံးပတ်လောက်က စစ်ဘေးရှောင်ခေါင်းဆောင်တွေကိုခေါ်တယ်။ ကျွန်တော်တို့ပေါင်းပြီး သန့်ရှင်းရေးလုပ်ကြပါမယ်လို့ အဆိုပြုလိုက်ပါမယ်။ အတင်းခိုင်းစေတာတော့ မဟုတ်ပါဘူး။ လုပ်အားပေးတဲ့ပုံစံမျိုး ဖော်ဆောင်ကြပါမယ်လို့ ပြောပြီးသားပါ။ ထပ်ပြီးတော့လည်း သင်္ချိုင်းမှာတောင် သန့်ရှင်းရေးလုပ်ဖို့ပြောထားတာတောင် ရှိတယ်"ဟု ပြောသည်။

ကျောက်တော်မြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း ၁၁ ခုရှိပြီး ကျောက်တော် မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှ စစ်ဘေးရှောင်ဦးရေ ၈၂၀၀ ကျော်ရှိသည်ဟု မြို့နယ်စစ်ဘေးရှောင်ကြီးကြပ်ရေးကော်မတီမှ သိရသည်။

ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်မှစတင်ကာ ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးပဋိပက္ခကြောင့် ယခုကဲ့သို့ နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်များအဖြစ် ခိုလှုံနေကြရခြင်းဖြစ်သည်ဟု သိရသည်။ (NN-13)

ဓာတ်ပုံ - ကျောက်တော်မြို့ရှိ စစ်ဘေးရှောင်အချို့ကို ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ဝ ရက်က တွေ့ရစဉ်။

ဆက်စပ် သတင်းများ