ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ဒေသခံ (၈)ဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) သံသယနှင့် ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် (၃) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရသူများမှာ ကျောက်ဖြူမြို့ ကုလားဘားတောင် ရပ်ကွက်မှ ဦးတင်ညွန့် (၄၂) နှစ်၊ ဦးဝင်းအောင် (၂၉) နှစ်၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်မှ ဦးဦးဘသန်း(၄၂) နှစ်၊ ဦးစိုးဝင်းနိုင်၊ စေတီတောင်ရပ်ကွက်မှ ဦးဝင်းနိုင်(၂၉) နှစ်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်၊ မူရွင်းရွာမှ ဦးထွန်းထွန်းကျော်၊ ဦးစောဝဏ္ဏကျော် နှင့် စနဲမြို့မှ ဦးတင်မျိုးထွန်းတို့ ဖြစ်ကြသည်။
၄င်းတို့ကို ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်တွင် ကျောက်ဖြူခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အမိန့်ချမှတ်ခံရသူတစ်ဦး၏ ဇနီးဖြစ်သူက
"ရုံးချိန်းလည်းမပေးဘဲ တိတ်တိတ်လေးရုံးထုတ်ပြီး ၂ နာရီခွဲလောက်မှ
တိတ်တိတ်လေးအမိန့်ချတာ။ ပြီးတာနဲ့ ချက်ချင်းပြန်ခေါ်သွားပါတယ်။ လုပ်ရိုးလုပ်စဥ်မှာ
အဲ့လို ရှိလား။ မိသားစုလည်း သိခွင့်မရ။ ရုံးချိန်းတွေလည်း ကြိုချိန်းတာမရှိဘဲ
အခုလို အမိန့်ချတဲ့အပေါ် စိတ်မကောင်းပါဘူး" ဟု ပြောသည်။
၄င်းတို့ကို ကျောက်ဖြူမြို့အခြေစိုက် တပ်ရင်း (၃၄)မှ နာမည်ဆိုးဖြင့် ကျော်ကြားနေသူ ဗိုလ်မှူး တင်အောင်ကျော်က တရားလိုလုပ်ကာတရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
ဖမ်းဆီးခံထားရသည့်အချိန်တွင် အေအေအဖွဲ့ဝင်ဟုဆိုကာ မတရာညှဉ်းပန်းနှိပ်စက်မှုများရှိကြောင်းနှင့် ယခုကဲ့သို့ ညှဉ်းပန်းနှိပ်စက်သည့်ဒဏ်များကို မခံစားနိုင်သည့်အတွက် အေအေအဖွဲ့ဝင်ဟု မဟုတ်မမှန် ဝန်ခံခဲ့ရသည်ဟု ဖမ်းဆီးခံထားရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
"မတရား နှိပ်စက်လည်းခံရပြီးပြီ။ အခုလို မတရားထပ်ပြီး ထောင်(၃)
နှစ်တောင်ချတာ အရမ်း ဝမ်းနည်းမိပါတယ်။သူများတွေလွတ်လာကြတော့ လွတ်လာမလား
မျှော်လင့်ခဲ့တာပါ။ အခုကျတော့ အမိန့်ချချိန်မှာတောင် မိသားစုကို အသိမပေးဘူး။
တွေ့ခွင့်လေးတောငခမရလိုက်ပါဘူး"ဟု ပြောသည်။
သူတို့အထဲက ဦးစိုးဝင်းနိုင်၊ ဦးဝင်းအောင်၊ ဦးဦးဘသန်း၊ ဦးဝင်းနိုင်တို့ကို စက်တင်ဘာလ ၇ ရက်နှင့်စက်တင်ဘာလ ၁၁ ရက် ညက ဧည့်စာရင်းလာစစ်သည်ဟုဆိုပြီး စစ်ကောင်စီတပ်သားများက နေအိမ်မှဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဦးတင်ညွန့်မှာမူ စက်တင်ဘာလ ၁၀ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်က နေအိမ်မှ အပြင်သို့ ထွက်ချိန်တွင် ပျောက်ဆုံး သွားခဲ့ခြင်းဖြစ်ကာ ယမန်နေ့ စက်တင်ဘာ ၁၄ ရက်က တရားရုံးတွင် ရမန်ယူချိန်မှ အဖမ်းခံရသည်ကို သိရှိခဲ့ရကြောင်း
မိသားစုဝင်တစ်ဦးက ပြောသည်။
အဆိုပါကျောက်ဖြူအကျဉ်းထောင်တွင် နိုင်ငံရေးနှင့်ဆက်စပ်၍
မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ ပုဒ်မ ၁၆ (ခ)၊ ပုဒ်မ ၁၈
(ဆ)တို့ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေသခံစုစုပေါင်း ၂၉ ဦးကျန်ရှိနေသေးကြောင်း
နိုင်ငံရေးအကျဉ်းသားများစာရင်း စုဆောင်းနေသည့်အဖွဲ့အစည်းများထံမှ
သိရသည်။
ရခိုင်တွင် ၂၀၂၂ ခု ဩဂုတ်လမှ စတင်ဖြစ်ပွားခဲ့သောတကျော့ပြန်တိုက်ပွဲအတွင်း အေအေ ဆက်စပ်သံသယဖြင့် မြန်မာစစ်တပ်က အပြစ်မဲ့ ပြည်သူ ၃၂၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း
အေအေက ထုတ်ပြန်ပြောဆိုထားသည်။(NN 7- NN 8)