သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

စစ်ကောင်စီနှင့် AA အပစ်ရပ်စဲရာတွင် သံသယဖြင့် တရားစွဲထားဆိုထားသူများကို ၃ လအတွင်း ပြန်လွှတ်ပေးရန်သဘောတူညီမှုပါ၀င်သော်လည်း ဖမ်းဆီးခံထားရသူ ပြန်လွှတ်မပေးသည့်အပြင် ပုဒ်မအမျိုးမျိုးဖြင့်ထောင်ချနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 3.5k

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) နားလည်မှုဖြင့် အပစ်ရပ်စဲရာတွင် သံသယဖြင့် တရားစွဲဆိုထားသူများကို ၃ လအတွင်း ပြန်လွှတ်ပေးရန် သဘောတူညီမှုပါ၀င်သော်လည်း စစ်ကောင်စီသည် ဖမ်းဆီးခံထားရသူ ရခိုင်အရပ်သား  ၂ဝဝ ကျော်ကို ၈ လကြာအထိ ပြန်လွှတ်မပေးသည့်အပြင် ပုဒ်မအမျိုးမျိုးတပ်ကာထောင်ချနေကြောင်း သတင်းရရှိသည်။

အပစ်ရပ်စဲခဲ့စဉ်က နှစ်ဘက်နားလည်မှုယူခဲ့ကြသည့်အချက်များထဲတွင် စစ်ကောင်စီက AA သံသယဖြင့် ဖမ်းဆီးတရားစွဲထားသူများကို ၃ လအတွင်း ပြန်လွှတ်ပေးရမည့်အချက်လည်း ပါဝင်ခဲ့သည်ဟု ဦးခိုင်သုခက ပြောဆိုထားသည်။

ယင်းသို့ပြန်လွှတ်မပေးသေးခြင်းမှာ အပစ်ရပ်ခဲ့စဉ် နှစ်ဘက်သဘောတူညီချက်ကို စစ်ကောင်စီဘက်က ချိုးဖောက်နေခြင်းဖြစ်သည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက ထုတ်ဖော်ပြောဆိုသည်။

“ဖမ်းထားတဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးဖို့ ကျနော်တို့ SAC (စစ်ကောင်စီ) ကို တောက်လျှောက် ပြောနေတာရှိတယ်။ အဲဒီကြားထဲမှာ ပြည်သူတွေကို ထောင်ချတာက လုံးဝ လက်မခံနိုင်တဲ့ ကိစ္စဖြစ်တယ်။ ဒါက နှစ်ဖက် ယုံကြည်မှုကို အကြီးအကျယ် ထိခိုက်စေတယ်။ အဲဒါမျိုးတွေကို စစ်ကောင်စီအနေနဲ့ ဆက်မလုပ်ဘဲ ရပ်တန့်ဖို့လိုတယ်” ဟု ဦးခိုင်သုခ၏ပြောဆိုချက်ကို ကိုးကားပြီး ဧရာဝတီသတင်းဌာနတွင် ဇူလိုင်လ ၂ဝ ရက်က ဖော်ပြထားသည်။

ယင်းသို့ ချိုးဖောက်နေခြင်းကြောင့် ရခိုင်တွင် အချိန်မရွေး တိုက်ပွဲများပြန်ဖြစ်လာနိုင်သည်ဟုလည်း ဦးခိုင်သုခက သတိပေးလိုက်သည်

ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ အပစ်အခတ်ရပ်စဲထားသည်မှာ ၈ လ ကျော်ကြာမြင့်လာသည်အထိ ရခိုင်တွင် စစ်ကောင်စီက AA သံသယဖြင့်ဖမ်းဆီးထားသူ ၂ဝဝ ကျော်ကို ပြန်မလွှတ်ပေးသေးကြောင်း သိရသည်။

တရားစွဲခံထားရသူများ၏အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေများနှင့် တရားစွဲ ခံထားရသူများ၏ မိသားစုဝင်များက ယခုအခါ အပစ်ရပ်ထားသည်မှာ ၈ လသာ ကြာမြင့်လာခဲ့သော်လည်း စစ်ကောင်စီဘက်က ဖမ်းဆီးတရားစွဲထားသူ ၂ဝဝ ကျော်ကို ပြန်လွှတ်ပေးမှုမရှိသေးဟု ပြောသည်။

စစ်ကောင်စီတပ်နှင့် AA တို့သည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှစတင်ကာ ယနေ့အထိ နှစ်ဘက်နားလည်မှုဖြင့် အပစ်ရပ်စဲထားခဲ့ကြခြင်းဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ဦးခိုင်သုခကို နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်ဖြေကြားမှုမရှိသေးပေ။

ဦးခိုင်သုခ၏ပြောဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို မေးမြန်းရန်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ရခိုင်မြို့နယ်အသီးသီးမှ အပြစ်မဲ့အရပ်သားပြည်သူ ၅၉၄ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဦးခိုင်သုခက စစ်ကောင်စီနှင့်အပစ်ရပ်ပြီး ၃ လအကြာ ဖေဖော်ဝါရီလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် ULA/AA ၏သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ယင်းအနက် အပစ်ရပ်သက်တမ်း ၃ လအတွင်း ဖေဖော်ဝါရီလအထိ ၃၉၁ ဦးကိုသာ စစ်ကောင်စီက လွှတ်ပေးခဲ့ပြီး ၂ဝ၃ ဦးမှာ စစ်ကောင်စီ၏အချုပ်ခန်းနှင့် အကျဉ်းထောင်များအတွင်း ဖမ်းဆီး ချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်း ဦးခိုင်သုခက ယင်းနေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

“ဖမ်းခံရတဲ့ အပြစ်မဲ့ပြည်သူတွေလွတ်မြောက်ဖို့အတွက် ကျနော်တို့ အဆင့်ဆင့်ညှိနှိုင်း ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် အခုချိန်ထိ အဲဒီအရပ်သား ပြန်လွှတ်ပေးတာမရှိသေးပါဘူး။ အမှန်က ဒီနှစ်ဆန်းပိုင်းမှာ ပြီးပြတ်နေရမယ့်ကိစ္စဖြစ်ပါတယ်”ဟု ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

AA သံသယဖြင့်တရားစွဲထားသူများကို စစ်ကောင်စီက ယခုထိလွှတ်မပေးသေးသည့်အပြင် သူတို့ကို AA နှင့်ပတ်သက်သည်ဟုဆိုကာ ယခု ဇူလိုင်လအတွင်း ထောင်ချခြင်း၊ စွဲချက်တင်ခြင်းနှင့် အမှုများကို ဆက်လက်စစ်ဆေးခြင်းတို့အား ဆက်တိုက်ဆိုသလို ပြုလုပ်လာသည်။

စစ်ကောင်စီဘက်က ယခုကဲ့သို့ ပြုလုပ်နေခြင်းမှာ စစ်ကောင်စီနှင့် AA တို့ ယခုနောက်ပိုင်း တစ်ဘက်နှင့်တစ်ဘက် ပြေလည်မှုမရကြ၍ ဖြစ်နိုင်သည်ဟု AA သံသယဖြင့် တရားစွဲခံထားရသူအချို့၏အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးကပြောသည်။

“လွှတ်ပေးမယ်ဆိုတဲ့အတွက်ကြောင့် တရားရုံးတွေကလည်း ဒီအမှုကိုဆက်မစစ်ဘဲနဲ့ ရုံးချည်းပဲ ချိန်းနေတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မပြေမလည်ဖြစ်သွားတယ်ထင်တယ်။ မပြေမလည်ဖြစ်သွားတဲ့ အခါကျတော့ ဒီဟာတွေနဲ့ပတ်သက်ပြီး ထိုက်သင့်တဲ့ပြစ်ဒဏ်တွေပေါ့ဗျာ။ တချို့ အမှုတွေဆိုရင် မငြိဘူး။ မငြိပေမဲ့လို့ ထိုက်သင့်တဲ့ပြစ်ဒဏ်လေးတွေပေးလိုက်တဲ့အခါကျတော့ တရားရုံးဘက်ကလည်း တာဝန်ကျေတယ်ဆိုတဲ့သဘောပေါ့နော်”ဟု ပြောသည်။

စစ်တပ်ဘက်က မီးစိမ်းမပြ၍ တရားရုံးဘက်ကလည်း စစ်တပ်အလိုကျ ပြစ်ဒဏ်များချမှတ်ခြင်းနှင့် အမှုကို ဆက်လက်စစ်ဆေးခြင်းများကို လုပ်ဆောင်လာနေခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

တရားစွဲခံထားရသူများ၏မိသားစုဝင်များကလည်း AA အားအကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ပြီး အပစ်ရပ်ကာ ငြိမ်းချမ်းရေးရရှိနေပြီဖြစ်သဖြင့်  AAနှင့် ဆက်စပ်သံသယဖြင့် တရားစွဲခံထားရသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုနေကြသည်။ (NN-16)

ဓာတ်ပုံ - စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား စစ်တပ်အရာရှိအချို့နှင့်တွေ့ရစဉ်။

 

Photo - cincds

ဆက်စပ် သတင်းများ