အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ရခိုင်တွင် စစ်ဘက်ဆိုင်ရာလုပ်ငန်းများတွင် အရပ်ဘက်ယာဉ်များကို ပိုအသုံးပြုလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.1k

(စစ်ကောင်စီတပ်ကအသုံးပြုခဲ့သည့် အရပ်ဘက်ယာဥ်နှစ်စီးကိုလည်း ULA/AA က စစ်ဆေးနေ)

ရခိုင်ပြည်နယ်တွင် စစ်​ကောင်စီတပ်များသည် စစ်သည်အပြောင်းအရွှေ့နှင့် စစ်ကြောင်းများကို ပို့ဆောင်ရာတွင် စစ်တပ်ပိုင်ယာဉ်များကို အသုံးမပြုဘဲ အရပ်ဘက် ယာဉ်များကို အသုံးပြုလာကြောင်း ဒေသခံများက နိရဉ္စရာသို့ပြောသည်။

ယခင်က စစ်တပ်ပိုင်ကားများဖြင့် စစ်သည်အင်အားရွှေ့ပြောင်းခြင်း၊ ကင်းလှည့်သွားလာခြင်းများကို ပြုလုပ်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အရပ်ဘက်ယာဥ်များကိုအသုံးပြုမှုများလာကြောင်း ဒေသခံများကပြောသည်။

"အခုစစ်ကောင်စီက စစ်သည်ပြောင်းရွှေ့တာတွေကအစ အရပ်ဘက်ယာဥ်တွေကို သုံးလာတယ်။ သူတို့စစ်တပ်ကားတွေသိပ်မသုံးတော့ဘူး။" ဟု တောင်ကုတ်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၂၄ ရက်၊ ည ၁၀ နာရီခန့်က တောင်ကုတ်မြို့တပ်ရင်းများသည် စစ်ကောင်စီတပ်သား ၆၀ ကျော်သည် ဖော့ကားသုံးစီးဖြင့် မအီမြို့ဘက်သို့ စစ်ကြောင်းချီတက်မှုရှိခဲ့ကြောင်း တောင်ကုတ်ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ၄င်းတို့တပ်ပိုင်စစ်ကားများကိုအသုံးပြုလျှင် ရက္ခိုင့်တပ်တော် (AA)က ကြားဖြတ်တိုက်ခိုက်မည်ကိုစိုး၍ အရပ်ဘက်ယာဥ် များကို အသုံးပြုလာခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့နယ်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

"သူတို့အရင်က စစ်ကားတွေကိုပဲအသုံးပြုတာများတယ်။ အခုတောင်ကုတ်မြို့မှာ ကင်းလှည့်တာတွေ၊ စစ်ကြောင်းထွက်တာတွေမှာ သူတို့စစ်ကားကိုမသုံးဘူး။ အရပ်သားကားတွေကိုဘဲ သုံးတယ်။ ဆိုတော့ AA က တိုက်ခိုက်မှာ ကြောက်လို့နဲ့တူပါတယ်" ဟု သူက ပြောသည်။

စစ်ကောင်စီတပ်ကအသုံးပြုခဲ့သည့် အရပ်ဘက်ယာဥ်နှစ်စီးကိုလည်း တောင်ကုတ် မြို့နယ်အတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းထားကြောင်း သိရသည်။

ရခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာလ ၁၃ ရက်၊ မနက်ပိုင်းက မင်းပြားမြို့နယ်၊ ဖားပျော်ကျေးရွာအနီး စစ်ကောင်စီတပ်ကားနှစ်စီးကို ရက္ခိုင့်တပ်တော်က ကြားဖြတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရမှု ရှိခဲ့သည်။ (NN-23)

 

ဓာတ်ပုံ - စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်အချို့ အရပ်ဘက်ယာဥ်တစ်ခုကို အသုံးပြုသွားလာခဲ့မှုပုံဟောင်း။

ဆက်စပ် သတင်းများ