- Web Master
- ၂၉ သြဂုတ် ၂၀၂၄
ချစ်အိလှိုင်
နိရဥ္စရာ/ စက်တင်ဘာ ၁၄/၂ဝ၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အမျှက်တောင်ကျေးရွာမှ နေအိမ် ၁၁ လုံး မီးရှို့ခံခဲ့ရသည့် မိသားစု ၁၁ စုမှ လူပေါင်း ၅ဝကျော်သည် နေစရာလည်း မရှိသလို စားစရာလည်း မရှိဖြစ်နေကြကြောင်း သတင်းရရှိသည်။
နေအိမ်မီးရှို့ခံရာတွင်ပါဝင်သော ဒေါ်ဦးခင်နုက “ အခု ကျမတို့ လူ ၅ဝ လောက် ရှိပါတယ်။ နေစရာမရှိတဲ့ အတွက် ဘုန်းတော်ကြီးကျောင်းမှာနေရပါတယ်။ စားရေး အတော်ကို အခက်အခဲဖြစ်နေပါတယ်။ ကျမတို့မှာနေစရာလည်း မရှိ။စားစရာလည်း မရှိတော့ပါဘူး။ အဝတ်စားတွေလည်း ဝတ်စရာ မရှိတော့ပါဘူး။ နေမကောင်းတဲ့ သူတွေလည်း ရှိပါတယ်"ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
အမျက်တောင်ကျေးရွာတွင် ဇူလိုင်လ ၅ရက်နေ့က တပ်မတော် စစ်ကြောင်း တစ်ခုသည် ရွာအပြင်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာ အတွင်းသို့ ဝင်ရောက် လာစဉ် သေနတ် ပစ်ခတ်ဝင်ရောက်လာပြီး နေအိမ် ၁၁ လုံးအား မီးရှို့ဖျက်ဆီးပစ်ခဲ့သည်ဟု ကျေးရွာသားများ ပြောပြချက်အရ သိရသည်။
နေအိမ် မီးရှို့ခံရသည့် အမျက်တောင်ကျေးရွာသားများမှာ ဦးကျော်ဝင်း၊ ဦးမောင်ကျော်ထွန်း၊ ဦးကျော်ညွှန့်လှ၊ ဦးသန်းကျော်လှ၊ ဦးသန်းကျော်လှ၊ ဦးစောလှမောင် ၊ ဦးအောင်နိုင်၊ ဦးခင်မောင်၊ ဒေါ်တင်တင်ဆန်း၊ ဒေါ်အေးမြနုနှင့် ဒေါ်မသန်းနု တို့ဖြစ်ကြသည်။
အမျက်တောင်ကျေးရွာ ဆရာတော်က " အဓိက စားဖို့ဆန်မရှိတော့ပါဘူး။ ဆရာတော်က ဆန်မရှိတော့ အာရုံဆွမ်းမစားတော့ဘူး။ မချက်နဲ့ပြောထားပါတယ်။ ဒီနေ့ တကာမတွေက ထမင်းကျော်သုံးပါဆိုပြီး ထမင်းကျော် မနက်က လာကပ်တယ်။ မနက်က ဆန်ကုန်ပါပြီလို့ လာလျှောက်တော့ အနီးရှိ တစ်ခြားရွာက ဘုန်းကြီးကျောင်းကနေ ဆန်တစ်အိတ် ယူပြီး ချက်စားကြပါတယ်။ ရွာက လူတွေလည်းတစ်ရွာလုံး ဟိုပြေး ဒီပြေးနဲ့။ ရွာပျက်မှာ စိုးလို့ ဆရာတော်က တစ်ခြားနေရာကို မကြွဘဲ ဒီမှာ ဆက်နေတယ်။ သူတို့ တပ်ကလာရင် ရွာသားတွေက ထွက်သွားကြတယ်။ သူတို့ (တပ်)က ပြန်ရင် ပြန်လာနေကြတယ်။ အဲဒီမိသားစုတွေက အဝတ်စားနဲ့ ဆေးဝါး တွေလည်း မရှိကြတော့ဘူး။ တကယ် အခက်အခဲ ဖြစ်နေကြပါတယ်" ဟု မိန့်ကြားသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား ဖြစ်ပွားသည့် တိုက်ပွဲဖြစ်စဉ်များ အထဲတွင် စစ်ဘေးဒဏ်ခံရသော ဖြစ်ရပ်များအနက် ဤအမျှက်တောင်ကျေးရွာမှ နေအိမ် ၁၁လုံး မီးရှိုခံရမှုမှာ အဆိုးဝါးဆုံးဖြစ်ရပ်များထဲမှ တစ်ခုဖြစ်ကြောင်း ရသေ့တောင် မြို့နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။
"ဒီဖြစ်ရပ်က အတော်ဆိုးတဲ့ဖြစ်ရပ်ပါ။ အခု သူတို့မှာနေစရာလည်းမရှိ ။ စားစရာလည်း မရှိကြတော့ဘူး။ ရွာကထွက်ပြေးတဲ့အခါပြေးနေကြရတယ်။ ကျနော် အနေနဲ့ ပြောချင်တာက ကိုယ့်လူမျိုးတွေ စုပေါင်းပြီး သူတို့ကို အကူညီ ပေးစေ ချင်တယ်။ ရှေ့အပတ်လောက်ဆိုရင် အလှူရှင် တစ်ဖွဲ့အဲဒီဘက် ဆင်းလာဖို့ ရှိတယ်။ သူများလှူ မှာထက် ကိုယ့်လူမျိုးတွေ ဆီက အကူညီတွေ ရစေချင်တယ်" ဟု ရသေ့တောင်မဲဆန္ဒနယ် လွှတ်တော် အမတ် ဦးခင်မောင်လတ်က ပြောသည်။
အဆိုပါ အမျှက်တောင်ကျေးရွာမီးရှို့မှုနှင့့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးအား ဇူလိုင်လ ၅ ရက်နေ့က နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက “တိုက်ပွဲဖြစ်လို့ သူပစ်ကိုယ်ပစ် ပစ်လိုက်လို့ ဖြစ်နိုင်တယ်။ သောင်းကျန်းသူတွေ ပစ်လိုက်လို့ ဗုံးသီး ရွာထဲကျနိုင်သလို ကျနော်တို့ တပ်ကပစ်လိုက်လို့လည်း ရွာထဲမှာကျနိုင်တယ်။ ရွာတွေက အိမ်တွေကို ဓနိမိုးတွေ ဘာတွေနဲ့ မိုးထားတဲ့ အိမ်တွေ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဗုံးသီးကျလို့လောင်တာက ဖြစ်ကောင်း ဖြစ်နိုင်တယ်။ သီးခြား မီးရှို့တာဆိုတာက လုံးဝမဖြစ်နိုင်ဘူး” ဟု ပြန်လည် ဖြေကြားထားသည်။
လက်ရှိတွင်ရခိုင်ပြည်နယ်ရှိ ကျောက်တော်မြို့နယ် ကန်စောက် စစ်ဘေးရှောင် စခန်းနှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ မြိုတိုင်းရင်းသား စစ်ဘေးရှောင် စခန်းတွင် ဆန်ရိက္ခာ ပြတ်လပ်မှုများရှိနေကြောင်း သိရသည်။