- Web Master
- ၂၉ သြဂုတ် ၂၀၂၄
သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ ၄/၂ဝ၁၉
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စေတီတောင် စစ်ဘေးရှောင်စခန်းတွင် လက်နက်ကြီးကျည်ကျ၍ ကျောင်းသူ တစ်ဦး ဒဏ်ရာရရှိသွားသဖြင့် စစ်ဘေးရှောင်တစ်ချို့သည် ကြောက်လန့်ပြီး ဘူးသီးတောင်မြို့ လမ်းမကျောင်း စစ်ရှောင်စခန်းသို့ ထပ်မံထွက်ပြေးရာက်ရှိလာသည်ဟု သတင်းရရှိသည်။
ဒေါ်လှသိန်းညွန့်က “ကျမတို့က စံဂိုးထောင်ကပါ။ စေတီတောင်မှာ စစ်ရှောင်နေတာပါ။ အဲဒီမှာလည်း ဟိုနေ့က လက်နက်ကြီးနဲ့ပစ်လို့ စာဖတ်နေတဲ့ ၈တန်းကျောင်းသူလေး တစ်ယောက် လက်နက်ကျည်စ ကျသွားပါတယ်။ အခုအဲဒီမိန်းကလေးကို စစ်တွေကိုယူသွားပါတယ်။ အဲဒါကြောင့် ကြောက်ပြီး အခုလိုပြေးလာရတာပါ” ဟု ပြောသည်။
၎င်းပြင် စေတီတောင်ကျေးရွာအနီး၌လည်း လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများ မကြာခဏ ထွက်ပေါ်နေကြောင်း၊ ထိုကဲ့သို့ သေနတ်သံများ မကြာခဏ ကြားနေရ၍ ၎င်းစစ်ဘေးရှောင်စခန်းတွင်လည်း လုံခြုံမှု မရှိဟု ခံစားရ၍ ယခုလို ကြောက်လန့် ထွက်ပြေးလာရခြင်း ဖြစ်သည် ဒေါ်လှသိန်းညွန့်က ဆက်လက် ပြောဆိုသည်။
ယနေ့ထွက်ပြေးလာကြသည့် သူများမှာ မိသားစု ၇ စု၊ လူဦးရေ ၂ဝ ခန့်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့၊လမ်းမ ဆရာတော်က “ ဒီနေ့မနက်က စေတီတောင်မှာ စစ်ရှောင်နေကြတဲ့ ဒုက္ခသည် တစ်ချို့က မနက်ပိုင်း ဦးဇင်းတို့ကျောင်းကို ရောက်လာကြပါတယ်။ အိမ်ထောင်စု ၇ စုပါပါတယ်။ လက်ရှိအားဖြင့် ဦးဇင်းကျောင်းမှာ စစ်ပြေးရှောင် အိမ်ထောင်စု ၁ဝ၉ စု ရှိတယ်။ လူဦးရေအားဖြင့် ၄၄ဝ နီးပါးလောက်ရှိနေပြီ။ ဒီကနေ့လည်း ထပ်ပြေးလာကြတယ်ဆိုတော့ နေဖို့ထိုင်ဖို့ လောလောဆယ်မှာတော့ ဖြစ်သလိုပေါ့။ ဘယ်လိုလုပ်မလဲ” ဟု မိန့်ကြားသည်။
စေတီတောင်ကျေးရွာ စစ်ဘေးရှောင်စခန်းမှ မြို့ပေါ်သို့ နောက်ထပ်လည်း ထွက်ပြေးလာကြမည့်သူများ ရှိနေကြောင်း၊ ကလေးငယ်များမှာ စေတီတောင်အထကတွင် စစ်မေးပွဲ ဖြေဆိုပြီးနောက် ဘူးသီးတောင်မြို့ပေါ်သို့ ရောက်လာကြမည်ဖြစ်ကြောင်း ထွက်ပြေးလာသူများက ပြောဆိုသည်။
တိုက်ပွဲများ နေ့စဉ် ရက်ဆက် ဖြစ်ပွားနေသဖြင့် ကွမ်းတောင်၊ နွားရုံတောင်၊ စံဂိုးထောင်၊ ဥယာဉ်သာ၊ စပါးထားစသည့် ကျေးရွာများအပါအဝင် ရွာပေါင်း ၁၂ရွာမှ ကျေးရွာသားများသည် နေရပ်စွန့်ခွာကာ စေတီတောင်ကျေးရွာ၊ ဆင်ခုံတိုင် ကျေးရွာများတွင် ထွက်ပြေး ရောက်ရှိနေကြပြီး စေတီတောင်ကျေးရွာအနီးတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် မြို့ပေါ်သို့ ထပ်မံထွက်ပြေးရခြင်းဖြစ်သည်ဟု သိရသည်။