- Web Master
- ၂၉ သြဂုတ် ၂၀၂၄
မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ နိုဝင်ဘာ ၁၃/၂ဝ၁၉
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်ကျေးရွာနှင့် ဆင်သည်ကျေးရွာသို့ လူပေါင်း ၃ဝဝ ကျော် ထွက်ပြေးခိုလှုံရောက်ရှိနေကြကြောင်း ဒေသခံများမှ သိရသည်။
ထွက်ပြေးရောက်ရှိလာသူများမှာ ပုဏ္ဏားကျွန်းမြို့နယ် သြရမကျေးရွာမှဖြစ်ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့တို့တွင် ပိုးရွှီပြင်ကျေးရွာသို့ လူဦးရေ ၂ဝဝ ကျော်နှင့် ဆင်သည်ကျေးရွာသို့ လူဦးရေ ၁ဝဝ ကျော် ထွက်ပြေးလာကြခြင်းဖြစ်သည်ဟု သိရသည်။
"သူတို့က မနေ့ကနေထွက်လာကြတာ။ ဒီနေ့မနက်ပိုင်းကလည်း ထပ်ရောက်ကြတယ်။ သြရမတစ်ရွာတည်းကပဲ"ဟု ပိုးရွှီပြင် မဟာမိတ်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးကံသိန်းမောင်က နိရဥ္စရာသို့ပြောသည်။
လက်ရှိတွင် ထွက်ပြေးရောက်ရှိလာသူများကို ပိုးရွှီပြင်ကျေးရွာနှင့် ဆင်သည်ကျေးရွာရှိ ဘုန်းကြီးကျောင်းများနှင့် နေအိမ်များ၌ ခွဲဝေနေရာချထားပေးပြီး စားရေးသောက်ရေးကိုလည်း ရွာမှကောက်ခံကျွေးမွေးနေရသည်ဟု ဆိုသည်။
"လက်ရှိမှာတော့ မနေ့ကနဲ့ ဒီနေ့အထိ ရွာက ကောက်ခံပြီးကျွေးမွေးနေရတယ်။ ရေရှည်ဆိုရင်တော့ သူတို့တွေအတွက် စားရေးသောက်ရေး အခက်အခဲရှိလာနိုင်ပါတယ်"ဟု ဆင်သည်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်က နိရဥ္စရာသို့ မိန့်သည်။
ယခုရက်ပိုင်းအတွင်း ရခိုင်ရှိမြို့နယ်အချို့တွင် တိုက်ပွဲများပြင်းထန်လျက်ရှိရာ သြရမကျေးရွာ အနီး ပတ်ဝန်းကျင်တွင်လည်း စစ်ကြောင်းများ ရောက်ရှိလာသဖြင့် တိုက်ပွဲများဖြစ်ပွားလာမည်ကိုစိုးရိမ်သည့်အတွက် ယခုကဲ့သို့ ထွက်ပြေးလာခြင်း ဖြစ်သည်ဟုလည်း သိရသည်။
----------------------
Unicode: