သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မြေပုံမြို့နယ် စညင်းရွာတွင် စစ်ဘေးရှောင်စခန်းမချရန် ရခိုင်နယ်လုံဝန်ကြီးက အမိန့်ထုတ်ထားဟုတပ်မတော်တုံ့ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 5.3k

သန့်မြတ်ခိုင်
စစ်တွေ၊ ဇန်နဝါရီ ၂၇ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် စညင်းကျေးရွာတွင် စစ်ဘေးရှောင်စခန်းမချရန် ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက အမိန့်ထုတ်ထားသည်ဟု တပ်ဘက်က တုံ့ပြန်ပြောဆိုကြောင်း စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေသူ ဦးဇင်း သဘာဝနဒီက နိရဥ္စရာသတင်းဌာနသို့ မိန့်ကြားသည်။

ယမန်နေ့က စညင်းကျေးရွာ စစ်ရှောင်စခန်းအား တပ်မတော် စစ်ကြောင်း တစ်ခုမှ ဝင်ရောက် ဖျက်ဆီးပြီး အတင်းဓမ္မ ပြောင်းရွှေ့ခိုင်းပြီးနောက် ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့် အချိန်ကလည်း တပ်မတော် စစ်ကြောင်း တစ်ခု ထပ်မံရောက်ရှိလာပြီး ရခိုင်ပြည်နယ် နယ်လုံ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက  အမိန့် အရ စစ်ဘေးရှောင်စခန်းမချရန် တားမြစ်သွားခဲ့သည်ဟု ဦးဇင်း သဘာဝနဒီက ပြောဆိုသည်။

“အိမ်ထောင်စုစာရင်းလာစစ်တယ်။ လူစာရင်းလာစစ်တယ်။ နောက်ပြီးတော့ နယ်လုံဝန်ကြီးက ဒီနေရာမှာ ကယ်ဆယ်ရေးစခန်းမချရလို့ အမိန့်ထုတ်တယ်လို့ ပြောပါတယ်။ ဒီနေ့ လာတာက တပ်မ ၆၆ က။ ဦးဇင်းတို့ဘက်က ပြန်လို့တောင်းဆိုမှုက အဲလိုဆိုရင် တရားဝင် စာရွက်တွေယူလာခဲ့ပေါ့နော်. နောက်ပြီးတော့ ဒုက္ခသည်တွေအတွက် မြေနေရာပေးလို့ ဦးဇင်းတို့ ပြန်ပြီး တောင်းဆိုထားတယ်။”ဟု ဦးဇင်းသဘာဝနဒီက မိန့်သည်။

ထိုနေရာတွင် စစ်ဘေးရှောင်စခန်းမချရဟု အမိန့်ထုတ်ထားခြင်းအား ဟုတ်/မဟုတ် မေးမြန်းတင်ပြရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းအား နိရဥ္စရာသတင်းဌာနက ယနေ့ နေ့လယ် ၂ နာရီခန့်နှင့် ညနေ ၃ နာရီခွဲခန့်တို့တွင် ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိသဖြင့် မေးမြန်းတင်ပြပေးနိုင်ခြင်းမရှိသေးပါ။

ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ ည ၁၁ နာရီခန့်တွင်  စညင်းစစ်ဘေးရှောင်စခန်းသို့ တပ်မတော် စစ်ကြောင်းတစ်ခုက သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီး ထိုနေရာတွင် ဒုက္ခသည် စခန်းချ မနေထိုင်ရန် ခြိမ်းခြောက်မှုများကြောင့်  စစ်ဘေးရှောင်လူဦးရေ ၃ဝဝ ကျော် ကြောက်လန့် ထွက်ပြေးသွားကြောင်း ဦးဇင်း သဘာဝနဒီက မိန့်ကြားသည်။

“လူဦးရေ သုံးရာကျော်လောက် ထွက်ပြေးသွားကြတယ်။ ဘယ်ကိုပြေးကြလဲ ဦးဇင်းလည်း မသိဘူး။ အခုဒီမှာ မပြေးဘဲ တစ်ရာကျော်လောက်ပဲ ကျန်တော့တယ်။ သူတို့ကတော့ ဒီမှာ ဆက်နေကြမယ်”ဟု ဦးဇင်း သဘာဝနဒီက မိန့်ကြားသည်။

ထွက်မပြေးဘဲ စညင်းစစ်ဘေးရှောင်စခန်းတွင် ကျန်ရှိနေခဲ့သည့် အင်ကြင်းကျေးရွာမှ စစ်ဘေးရှောင် ဒုက္ခသည်တစ်ဦးက ပြေးစရာနေရာမရှိသည့်အတွက် ထိုစစ်ဘေးရှောင်စခန်းမှာပင် ဆက်လက် နေထိုင်သွားမည်ဟု ပြောသည်။

“ကျနော်တို့မှာ နောက်ထပ်ပြောင်းဖို့နေရာလည်း မရှိပါ။ ပြောင်းဖို့အစီအစဉ်လည်းမရှိပါ။ ဒီမှာ ဆက်နေလို့ စစ်တပ်ကလာပြီး ဒုက္ခပေးရင်လည်း အသေခံပြီးနေတော့မယ်။ ဒီမှာနေရင် ရွာနဲ့လည်း နီးတယ်။ အဲဒါကြောင့် ဘယ်ကိုမှမသွားတော့ဘူး။ ဒီမှာပဲ ကုပ်ကပ်ပြီးနေတော့မယ်” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ထိုစခန်းတွင် စစ်ဘေးရှောင်များ ဆက်လက်နေထိုင်မည်ဟု ဆိုသဖြင့် မြေပုံမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက ထိုနေရာတွင် တရားဝင် စခန်းချထားပေးခြင်း မရှိကြောင်း ပြန်လည်ဖြေကြားသည်။

ဦးစိန်လှမောင်က “ကျနော်တို့မှာတော့ စစ်ဘေးရှောင်ရှိတယ်ဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူးက နေပြီးတော့တင်တယ်။ ဒီနေ့ ဒီအချိန်မှာ ဘယ်ရွာကလူတွေ ဘယ်မှာအိမ်ထောင်စုဘယ်နှစ်စု အဲလိုတင်တယ်။ အဲလိုတင်တဲ့အပေါ်မှာ ကျနော်တို့ကနေပြီးတော့ တခါတည်း ခရိုင်တို့၊ အစိုးရ အဖွဲ့ရုံးကို စာတင်တယ်။ စာတင်ပြီးမှပဲ လူ/ကယ်/ပြန်ကနေပြီးတော့ အဲဒီမှာ ကျနော်တို့ တင်ထားတဲ့လူဦးရေအပေါ်မှာ ကျနော်တို့က ဆန်ပေးတယ်။ ပြန်လည်နေရာချထားဖို့က ကျနော်တို့က ဒုက္ခသည်စခန်း ၂၅ ခုကိုမေးတယ်။ မေးတဲ့အခါမှာ အစိုးရကနေပြီးတော့ ဆောက်ပေးတဲ့အဆောက်အဦတွေမှာ နေလိုခြင်းဆန္ဒရှိ /မရှိကို ကျနော်တို့ ဆန္ဒ သဘောထား ကောက်ခံပါတယ်။ အခုကမြို့ပေါ်ရပ်ကွက်မှာ ၄ ခုရှိတယ်။ အဲဒီမြို့ပေါ်ရပ်ကွက်က လူတွေကပဲနေမယ်။ ကျန်တဲ့နေရာကလူတွေက မနေဆိုပြီးတော့ ဆန္ဒပြုကြတယ်”ဟု ပြောသည်။

စညင်းစစ်ဘေးရှောင်စခန်းအား ထိုနေရာတွင် မချဖို့ စစ်တပ်က ညဉ့် အချိန် ဝင်ရောက် ခြိမ်းခြောက်မှုများအား မီဒီယာကနေတဆင့် သိခဲ့ရကြောင်း၊ ထိုသို့ဟိုးလဲတကျော် လုပ်သည့် ကိစ္စ ပြည်သူတွေအပေါ်မှာ မတရား အနိုင်ကျင့်သည့်ကိစ္စ အပေါ် ရခိုင်ပြည်နယ်ဆိုင်ရာ အစိုးရအဖွဲ့က ထိုသို့မပြုလုပ်ရန် တာဝန်ယူပြီး ဖြေရှင်းပေးသင့်သည်ဟု ထင်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။

“ဒီပြည်နယ်အစိုးရက ဘာကြောင့်နေပြီးတော့ ဒီလိုဆောင်ရွက်တယ်ဆိုတာမျိုး လေ့လာပြီးတော့မှ ဒါကို နောင်မှာ ဒီလိုမဖြစ်ဖို့ ပြည်နယ်အစိုးရအနေနဲ့တာဝန်ရှိပါတယ်။ ဒါကိုနေပြီးတော့ သက်ဆိုင်ရာ သူ့ရဲ့မြို့နယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်နယ်အစိုးရကို တင်ဖို့လိုသလို သက်ဆိုင်ရာ အဖွဲ့အစည်းကိုလည်းပဲ ဒီလိုဆောင်ရွက်ရတဲ့အကြောင်းအရင်းနဲ့ တကယ်လို့ နောင်မှာဒီလိုမျိုး မဖြစ်အောင်နေပြီးတော့ တားဆီးရမယ်။ ကာကွယ်ရမဲ့ တာဝန်ရှိတယ်။ ဝတ္တရားရှိတယ်။ အနီးစပ်ဆုံးကတော့ ဒါပြည်နယ်အစိုးရမှာ လုံးဝတာဝန်ရှိပါတယ်။ ပြည်နယ်အစိုးရအနေနဲ့ ဒီစစ်ဘေးရှောင်တွေကို ထားဖို့နေရာပေးကတည်းက ဒါကိုပြည်နယ်အစိုးရက အတည်ပြုပြီးသား ဖြစ်ပါတယ်။”ဟု ဒေါ်ထုမေက ပြောသည်။

စညင်းစစ်ဘေးရှောင်စခန်းမှ ယာယီတဲအချို့နှင့် ဗီနိုင်းများကို ဇန်နဝါရီလ ၂၆ ရက်နေ့ ည ၁၁ နာရီခန့်တွင် တပ်မတော်စစ်ကြောင်းတစ်ခုက ဝင်ရောက်ဖျက်ဆီးသွားသည်ဟု ရွာသားများက ပြောဆိုသည့် အပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်မေးကြည့်ရာ “ ကျနော်လည်း ဒီအနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုဘဲ လှမ်းမေးကြည့်ပါတယ်။ အဲဒီမှာတော့ ဖျက်သိမ်းတာတော့မရှိဘူးခင်ဗျာ။ လုံခြုံရေးအရ ကျနော်တို့ သွားရောက်ခဲ့တာတော့ရှိတယ်။ လုံခြုံရေးအရ စိစစ်ခဲ့တယ်လို့ သိရပါတယ်။ အဲလောက်ဘဲ ပြောနိုင်ပါမယ်။ အဓိက ကျနော်တို့လုံခြုံရေးအရ ကျနော်တို့  စိစစ်ထားတာဘဲရှိတယ်။ ကျနော်တို့ ပြောင်းခိုင်းဖို့လည်း မရှိဘူးဆိုတာ ကျနော်တို့သိရပါဗျ” ဟု ပြောဆိုသည်။

(ဓာတ်ပုံ- သဘာဝနဒီ)

------------------------------
















(ဓာတျပုံ- သဘာဝနဒီ)



ဆက်စပ် သတင်းများ