- Web Master
- ၂၉ သြဂုတ် ၂၀၂၄
ချစ်အိလှိုင်
စစ်တွေ၊ မတ်၂၃/၂ဝ၂ဝ
ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် မြန်မာ့တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုမှ ကျပ်သိန်းပေါင်း ၃ဝဝဝ ကျော်၊ ဆန် နှင့် ဆီများကို ယနေ့တွင် ရခိုင်ပြည်နယ် အစိုးရမှ တစ်ဆင့် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
ယခု လှူဒါန်းမှုမှာ ရခိုင်စစ်ဘေးရှောင်များအား ဒုတိယကြိမ်အဖြစ် မြန်မာ့တပ်မတော်မှ ကြေး၊ ရေ၊ လေ မိသားစု များက လှူဒါန်းခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက နိရဥ္စရာသို့ ပြောသည်။
“ဒီနေ့ ညနေ ၃ နာရီက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ လှူဒါန်းခဲ့တာပါ။ အနောက်အပိုင်း တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးကိုယ်တိုင် လာရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ စစ်ဘေးရှောင်အားလုံးကိုပေးမှာပါ။ ရှိသမျှစစ်ဘေးရှောင်အားလုံးကိုပေးမှာပါ” ဟု ဦးအောင်ကျော်ဇံက ပြောသည်။
မြန်မာ့တပ်မတော်ဘက်မှ လှူဒါန်းရာတွင် ငွေကျပ်သိန်းပေါင်း ၃၂၂ဝ အပြင် ဆီပိဿာ ၁၂ဝဝကျော်နှင့် ဆန်အိတ် ၆၆၅ အိတ်ကိုပါ လှူဒါန်းခဲ့သည်ဟု ပြောဆိုသည်။
ပြီးခဲ့သည် ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့ကလည်း မြန်မာ့တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုမှ ရခိုင်စစ်ဘေးရှောင်များအတွက် ငွေကျပ်သိန်း ၅ဝဝဝ လှူဒါန်းခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအား အကူအညီ အထောက်အပံ့များ ပြုလုပ်သွားမည်ဟု နိုင်ငံခြင်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်ခန့်ကြာမြင့်လာပြီ လက်ရှိ အချိန်တွင် စစ်ဘေးရှောင် (၁၅ဝဝဝဝ) ခန့်ရှိသွားပြီဟု ရခိုင်လူမှုအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။
----------------------------
Unicode: