သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် အစိုးရဆောက်လုပ်ပေးသည့် စစ်ရှောင်စခန်းတွင် ညစ်ညမ်းသောရေများနှင့် ယင်မလုံသည့် အိမ်သာကြောင့် ဝမ်းရောဂါဖြစ်မည်ကို စစ်ဘေးရှောင်များ စိုးရိမ်နေရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 10.1k

အိမ်စိုးဖြူ

နိရဥ္စရာ ၊ မေ ၁၁/၂ဝ၂ဝ

ရခိုင်ပြည်နယ်အစိုးရမှ ဆောက်လုပ်ပေးထားသည့် ဘူးသီးတောင်မြို့နယ်ရှိ မြောင်းနား စစ်ဘေးရှောင် စခန်းတွင် ကျွဲ၊ နွားများ သောက်သည့် ညစ်ညမ်းရေများ သောက်သုံးနေရပြီး ယင်မလုံသည့် အိမ်သာ များကြောင့် ဝမ်းရောဂါဖြစ်မည်ကို စစ်ဘေးရှောင်များ စိုးရိမ်နေကြကြောင်း စခန်းတာဝန်ရှိသူများက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

၄င်းစစ်ရှောင်စခန်းတွင် ခမီးတိုင်းရင်းသား အိမ်ထောင်စု ၈၆ စု၊ လူဦးရေစုစုပေါင်း ၄၁၆ ဦးနေထိုင်ပြီး ညစ်ညမ်းသော ရေကန်မှ ရေကို သောက်သုံးနေရကြောင်း၊ ၎င်းပြင် အိမ်သာများမှာလည်း ယင်မလုံသည့် အတွက်ကြောင့် ဝမ်းရောဂါဖြစ်မည်ကို စိုးရိမ်နေကြကြောင်း မြောင်းနားစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဝေသာခိုင်က ပြောသည်။

“ အလယ်ချောင်း မူဆလင်ရွာကသွားပြီး ရေခပ်ရတယ်။ အဲဒီကန်မှာ ကျွဲ၊နွားတွေလည်းသောက်တယ်။ ရေက ရွံ့တွေနဲ့ အဝါရောင်ပါ။ အခုအရောင်ပိုညစ်ညစ်ဖြစ်လာပြီ ရေခမ်းနေပြီဆိုတော့။ အိမ်သာကလည်း ပိုက်နဲ့ တွင်းနဲ့ တည့်တည့်ကြီး တူးထားတော့ ယင်တွေလည်းထွက်လာတယ်။ ယင်တအုံအုံနဲ့ အနံ့ဆိုး တွေက စခန်းတစ်ခုလုံးနံနေတာပါ” ဟု ပြောသည်။

၄င်းစစ်ရှောင်စခန်းတွင် လွန်ခဲ့သည့် မတ်လ ၂ဝ ရက်နေ့ဝန်းကျင်က ဝမ်းပျက်ဝမ်းလျှော့ရောဂါနှင့် အခြား နှာစေးချောင်းဆိုး၊ အဆုတ်ရောဂါများဖြင့် လူ ၃ဝ ဦးနီးပါးခန့်နေမကောင်းဖြစ်ဖူးသဖြင့် ပို၍ စိုးရိမ်မိကြောင်း ဦးဝေသာခိုင်ကဆက်ပြောသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကြားသိရကြောင်း ၊ အစိုးရတွင် အပြည့်အဝတာဝန်ရှိကြောင်းပြောသည်။

“ဒီအကြောင်းကို ကြားပါတယ်။ ဒီကိစ္စက အစိုးရကဆောက်ပေးထားတဲ့ နေရာမှာ နေတဲ့လူတွေဆိုတော့ အစိုးရမှာ အပြည့်အဝ တာဝန်ရှိတာပါ။ အစိုးရက တာဝန်ယူဖြေရှင်းပေးရမယ်” ဟု ပြောသည်။

ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က “ရေကို မူဆလင်ရွာက သွားခပ်နေရတယ်။ ရေကန်တူးတာလည်း အဆင်မပြေဘူး။ အိမ်သာက အနံလာတာကတော့ ရေအခက်ခဲကြောင့် ဖြစ်တာပါ။ အဆင်ပြေအောင်လုပ်နေပါတယ်” ဟုပြောသည်။

၄င်း မြောင်းနားစစ်ဘေးရှောင်စခန်းသည် ဘူးသီးတောင်မြို့နှင့် ၄ မိုင်ခန့်ကွာဝေးသည်။ ၄င်းစခန်းတွင် နေအိမ်တန်းလျား ၈၆ တွဲနှင့် အိမ်သာ ၂၄ လုံးရှိကြောင်း သိရသည်။

မေလ ၇ ရက်နေ့ က ခမီးလူမျိုးများနေထိုင်သည့် ကျောက်စာတိုင်ကျေးရွာ၊ အလယ်ချောင်းကျောင်းရွာ၊ လက်ပံကိုင်းကျေးရွာ၊ ကံ့ကော်မြိုင်ကျေးရွာတို့မှ စစ်ဘေးရှောင်များလာရောက်နေထိုင်ခဲ့ကြောင်းသိရသည်။

(ဓာတ်ပုံ- လက်ရှိ စစ်ဘေးရှောင်များ အသုံးပြုနေသည့် ရေကန်)

-----------------------

Unicode:


အိမျစိုးဖွူ

နိရဉ်စရာ ၊ မေ ၁၁/၂ဝ၂ဝ





















ဆက်စပ် သတင်းများ