သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မိုးသက်လေပြင်းကျ၍ မြေပုံ စညှင်းစစ်ဘေးရှောင်စခန်း ရွက်ဖျင်တဲတစ်ချို့ ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 7.9k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၁၉ / ၂ဝ၂ဝ

ယမန်နေ့ညနေ ၅ နာရီကျော်က မိုးသက်လေပြင်းကျ၍ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင် စခန်းတွင် ရွက်ဖျင်တဲတစ်ချို့ အမိုးများလန်ပြီး ပျက်စီးသွားခဲ့သည်ဟု သတင်းရရှိသည်။

စခန်းကို ကြီးကြပ်နေသူ ဦးဇင်းဇနက က “ မနေ့က ညနေ ၅ နာရီကျော်လောက်မှာ မိုးရွာပြီး လေပြင်းကျတယ်။ ၇ နာရီလောက်ထိ လေပြင်းတိုက်သွားတယ်။ တဲတွေပေါ့နော်။ မိုးကာတွေ၊ တာပလင်စတွေနဲ့ ဆောက်ထားတဲ့ ရွက်ဖျင်တဲတွေ ငါးလုံး ခြောက်လုံးလောက် လုံးဝ ပျက်စီးသွားတယ်။ နောက်တဲတွေကလည်း မိုးယိုတာတို့ အမိုးတွေ လန်သွားတာတွေလည်း ရှိတယ်။ ဒီအတွက် လူတွေ အခု နေစရာ အခက်အခဲ ဖြစ်သွားကြတယ်” ဟု ပြောကြားသည်။

၎င်း စညှင်းခစန်းတွင် အိမ်ထောင်စု ၁၂၅ စု လူဦးရေ ၄ဝ၂ ဦး နေထိုင်ပြီး ၎င်းတို့အနေဖြင့် လောလောဆယ် အိမ်ပြန်ရန် အခြေအနေ မရှိသေးသဖြင့် မိုးမကျမီ နေအိမ်များကို အမြန် ဆောက်ပေးရန် လိုအပ်နေသည်ဟု ဆိုသည်။

“ သူတို့က အခုလို အခြေအနေမျိုးနဲ့ လုံးဝ အိမ်ပြန်လို့ မရဘူး။ ရွာပြန်လို့ မရဘူး။ ဒီစစ်ရှောင်စခန်းမှာဘဲ ဆက်နေကြပါမယ်။ ဒီတော့ သူတို့အတွက် မိုးမကျမီ နေအိမ်တွေဆောက်ဖို့ လိုအပ်နေတယ်။ ဦးဇင်းတို့က ဝါးတွေ၊ ဓနိတွေတော့ စစုနေတယ်။ တစ်အိမ်ကိုတော့ ကျပ် ငါးသောင်းလောက် ကုန်ကျပါမယ်။ ဦးဇင်းတို့က စေတနာရှင်တွေကိုတော့ မေတ္တာရပ်ခံထားပါတယ်” ဟု ဦးဇင်းဇနကမှ ပြောဆိုသည်။ 

၎င်းပြင် စညှင်းစခန်းသည် ကူညီထာက်ပံ့မှုနည်းပါး၍ မီးဖိုချောင်သုံး ရိက္ခာလည်း အခက်အခဲများ ရှိကြောင်း သိရသည်။ 

စညှင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုသူရမိုးက “စစ်ဘေးရှောင်တွေကို ကျနော်တို့ပေးနိုင်တာက ဆန်တစ်ခုတည်းကိုဘဲ ပေးနိုင်တယ်။ ဆန်ကလည်း ၅ ရက်တစ်ခါစီ ဝယ်ရတယ်။ တစ်ခြား ဆီ၊ ဟင်းချိုမှုန့်နှင့် ငရုပ်သီးခြောက်တို့ကို မပေးရတာက ၂ လလောက် ကြာပါပြီ။ တစ်ခြားစားနပ်ရိက္ခာတွေကို ကျတော့ သူတို့က ချောင်းထဲမှာ ငါး၊ ဟင်း တွေရှာရင် စားနေကြရတယ်။” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယင်းစစ်ဘေးရှောင်စခန်းသို့ ခိုလှုံရန်ရောက်ရှိလာကြသော ကျေးရွာသားများမှာ အင်းကြန်၊ စညှင်း၊ လီသွန်နှင့် ဒလက်ကျေးရွာတို့မှ ဖြစ်ကြောင်း သိရှိရသည်။

စညှင်းစစ်ဘေးရှောင်စခန်းသည် အစိုးရက တရားဝင်ခွင့်ပြုထားသော စခန်းမဟုတ်သဖြင့် အစိုးရ၏ ထောက်ပံ့မှုများနှင့် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ ICRC ၏ ထောက်ပံမှုများကို မရသည့်အပြင် အရပ်ဖက် အဖွဲ့အစည်းများအနေဖြင့် သွားရောက်လှူဒါန်းသည့် အခါတွင်လည်း အခက်အခဲများ ရှိကြောင်း  ကိုယ်တော် သဘာဝနဒီက မိန့်ကြားသည်။ 

“ မင်းပြားဖက်ကသွားရင် ယိုးချောင်းစစ်ရေးဂိတ်ကနေ တားဆီးတာတွေ ရှိတယ်။ အမ်းဖက်မှ လာရောက်တဲ့ လှူဒါန်းတဲ့ အဖွဲ့အစည်းတွေ ကို ကဇူးကိုင်းစစ်ဆေးရေးဂိတ်မှ ပိတ်ဆို့ ထားတာတွေရှိတယ်။ အခုလိုမျိုးဖြစ်တဲ့ အဖွဲ့တွေက မလာရဲကြဘူး။ အခု အချိန်ထိ အဲသလိုမျိုး ပိတ်ဆို့ခံထားရတော့ စားဝတ်နေရေး အခက်အခဲတွေတော့ ရှိကြပါတယ်” ဟု ပြောဆိုသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းအား ဆက်သွယ် မေးမြန်းရာ “ လက်ရှိအနေထားမှာ ကျနော်တို့က စေတနာရှင်တွေနဲ့ စုပေါင်းပြီးတော့ လုပ်နေရတယ်။ အဲဒေသမှာ အခက်အခဲဖြစ်နေတာက  အခုမှမဟုတ်ဘူး။ တစ်လကျော်လောက်ရှိပြီး။ အစိုးရဆီကလည်း အကူအညီမရ။  မြို့ပေါ်မှာလည်း စခန်းနှစ်ခုရှိတယ်။ အဲဒီစခန်းတွေမှာလည်း ရိက္ခာတွေ ပြတ်လပ် နေတယ်။  ကျနော်တို့မှာ အလှူခံလို့ ကျွေးရုံကလွဲလို့ ဘာတတ်နိုင်မှာမို့လို့လဲ။ အစိုးရဆီကလည်း မကူညီနိုင်ဆိုရင် ကျနော်တို့မှာ အားကိုးရာဆိုလို့ ပြည်သူ့လူထုဘဲရှိတယ်။ အချင်းချင်းကူညီရိုင်းပင်းမှုကလွှဲလို့ ကျနော်တို့မှာ အားကိုးစရာ မရှိဘူး ဖြစ်နေတယ်” ဟု ဖြေကြားခဲ့သည်။

ယမန်နေ့ညနေကလည်း မိုးသက်လေပြင်းကျရောက်မှုကြောင့် တဲအိမ်အချို့ပျက်စီးမှုရှိခဲ့ပြီး ယနေ့ နေ့လယ်က လည်း မိုးသဲသဲမည်းမည်း ရွာသွန်းခဲ့သဖြင့် စစ်ဘေးရှောင်များနေစရာမရှိဘဲ အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်နေကြရကြောင်း စခန်းတာဝန်ခံများက ပြောသည်။


ဆက်စပ် သတင်းများ