- Web Master
- ၂၉ သြဂုတ် ၂၀၂၄
ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၂၁/ ၂ဝ၂ဝ
ကွယ်လွန်သွားသည့် ညီဖြစ်သူမင်းသွေးအား ရည်စူး၍ အစ်ကိုဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်နေတိုးမှ ရခိုင်စစ်ဘေးရှောင်အတွက် အဆောင် (၁၅) လုံးစာ ငွေများလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
၎င်းလှူဒါန်းမှုကို ယနေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ဘုန်းကြီးကျောင်း လက်ထောက်ကျောင်းထိုင်ဆရာတော် အရှင်ကုမာရ ခေါ် ဦးဇင်းဘီလူးထံမှ တစ်ဆင့် လှူဒါန်းခဲ့သည်ဟု သိရသည်။
ဆရာတော် ဦးကုမာရက “နေတိုးက သူအပါအဝင် သူ့ရဲ့ညီမနဲ့ မိဘတွေ ပါတယ်ပေါ့နော်။ ဦးဇင်းတို့ အလိုတော်ပြည့် ဆရာတော်ကြီးကို ဦးထိပ်ထားပြီး ဦးဇင်းဆီကနေ တစ်ဆင့်ပေါ့နော်။ ကွယ်လွန်သူ မင်းသွေးကို ရည်းစူးပြီးတော့ ရခိုင်က မြို့သုံးမြို့ထဲက စစ်ဘေးရှောင်တချို့နေထိုင်ဖို့ တဲအိမ်လိုမျိုး အဆောင် လှူတာပေါ့နော်။ ဦးဇင်းကျောင်းမှာလည်း ဆွမ်းကပ်ခဲ့ကြပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။
၎င်းအလှူငွေများကို ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် စစ်တွေမြို့နယ်တို့မှ စစ်ဘေးရှောင် အဆောင် ၁၅ လုံး အတွက် ပေးပို့လှူဒါန်းမည်ဖြစ်ကြောင်း ဆရာတော် ဦးကုမာရက မိန့်သည်။
နေတိုး၏ ညီဖြစ်သူ ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် မင်းသွေး(၃၃) နှစ်သည် ၂ဝ၁၈ ခုနှစ် အောက်တိုဘာ (၃) ရက်နေ့ ညနေပိုင်းတွင် ရုတ်တစ်ရက် နှလုံးအမောဖောက်ကာ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
နေတိုး၏ မွေးရပ်ဇာတိမှာ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် တောထူကျေးရွာဖြစ်ပြီး ၄င်းမှာ ဦးအောင်သန်းနှင့် ဒေါ်သန်းမြိုင်တို့၏သားဖြစ်ကြောင်းလည်း သိရသည်။
နေတိုးမှာ လက်ရှိ မြန်မာနိုင်ငံအတွင်း နိုင်ငံကျော် ရုပ်ရှင်းမင်းသားတစ်ဦးလည်းဖြစ်ပြီး အကယ်ဒမီဆု ၃ ဆု ဆွတ်ခူးရရှိထားသူတစ်ဦး ဖြစ်သည်။