သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ် ကျေးရွာ ၅ ခုမှ ရွာသားများ ထွက်ပြေးကြရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 1.9k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇူလိုင် ၄/ ၂ဝ၂ဝ

တပ်မတော်စစ်ကြောင်းတစ်ခု ဝင်လာ၍ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျေးရွာ ၅ ရွာမှ ရွာသားများ ထွက်ပြေးနေကြကြောင်း သတင်းရရှိသည်။

မြောက်ဦးမြို့နယ်၊ ကျွဲတဲ၊ ခမောင်းတက်၊ ငမဲပြင်၊ တန်းမြင့်ကြီးနှင့် ပါးတော်ကျေးရွာတို့မှ ဒေသခံ  ၅ဝဝဝ ခန့်မှာ ကျေးရွာများကို စွန့်ခွာ ထွက်ပြေးနေကြသည်ဟု ဆိုသည်။

ငမဲပြင်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေသူ ဦးထွန်းလွင်က “ရွာထဲကို စစ်သားတွေက ဝင်လာကြလို့ ကြောက်လို့ ထွက်ပြေးတာပါ။ သူတို့က ရွာက ဘုန်းကြီးကျောင်းမှာ ထိုင်နေကြပါတယ်။ သူတို့က မနက် ၇ နာရီလောက်က တန်းမြင့်ကြီးရွာဘက်ကနေ ရွာကို ဝင်လာတာပါ။ မနေ့ကတည်းက တန်းမြင့်ကြီးကို ဝင်တယ်။ မနက်မိုးလင်းတော့ ကျွန်တော်တို့ရွာဘက်ကို ဝင်လာခဲ့တာပဲ”  ဟု နိရဥ္စရာသို့ ပြောသည်။

ငမဲပြင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ကလည်း ယနေ့နံနက်ပိုင်းက တပ်မတော်စစ်ကြောင်း ကျေးရွာအတွင်း ဝင်ရောက်လာမှုကြောင့် ကျေးရွာသားများ ကြောက်လန့်ကာ ထွက်ပြေးရခြင်းဖြစ်ကြောင်း ပြောသည်။

ပါးတော်ကျေးရွာမှ ရပ်မိရပ်ဘတစ်ဦးဖြစ်သည့် ဦးဗိုလ်မိုးစံက “စစ်သားတွေက အခု ငမဲပြင်ရွာထဲမှာပါ။ ကျွန်တော်တို့ရွာနဲ့ နီးနီးလေးပဲ။ ငမဲပြင်ကထွက်ရင် ကျွန်တော်တို့ရွာကိုဝင်မှာ စိုးလို့ ထွက်ပြေးကြတာပါ။ စစ်သားတွေက ရွာထဲကိုဝင်ရင် သေနတ်တွေနဲ့ ပစ်တယ်။ အဲဒါကြောင့် ကြောက်ပြီး ထွက်ပြေးကြတာပါ။ အခု ရွာက လူကြီးအရွယ်တွေကို ကျွန်တော် စက်လှေနဲ့ ယူနေပါတယ်။” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ကျေးရွာသားများမှာ မင်းပြားမြို့ပေါ်၊ ကြက်မကျေ၊ ခြိတ်တောင်၊ ငပုကွနှင့် လက်သန်းချေ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြကြောင်း သိရသည်။

ဇူလိုင်လ ၃ ရက်နေ့ နေ့လယ် ၂ နာရီခန့်က အင်အား ၁၃ဝ ခန့်ရှိသည့် တပ်မတော်စစ်ကြောင်းတစ်ခုသည် တန်းမြင့်ကြီးကျေးရွာအတွင်းသို့ ပစ်ခတ်မှုများပြုလုပ်ကာ ဝင်ရောက်လာခဲ့ပြီးနောက် တန်းမြင့်ကြီးကျေးရွာမှ ရွာသား ၃ ဦးနှင့် မြောက်ဦးမြို့နယ် ကိုင်းတောကျေးရွာမှ မူဆလင် ၁၅ ဦးခန့်အပါအဝင် မြို့ပေါ်ရှိ အလယ်စျေးရပ်ကွက်မှ အမျိုးသားတစ်ဦးတို့ကို ယင်းတပ်မတော်စစ်ကြောင်းက ဖမ်းဆီခေါ်ဆောင်ထားခဲ့သည်။ 

ယင်းနေ့ ညနေပိုင်း၌ အဆိုပါ မူဆလင် ၁၅ ဦးခန့်အား လွှတ်ပေးခဲ့ပြီး ယနေ့ နံနက်ပိုင်းက တန်းမြင့်ကြီး ကျေးရွာမှ ကျေးရွာသား ၃ ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း တန်းမြင့်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သာညွှန့်က ပြောသည်။

ဦးမောင်သာညွှန့်က “ကျွန်တော်တို့ရွာက သုံးယောက်ကိုတော့ ပြန်လွှတ်ပေးလိုက်ပါပြီ။ မြို့ပေါ်က တစ်ယောက်ကိုတော့ ပြန်မလွှတ်ပေးသေးဘူး။ သူက ဧည့်သည်လို့ပြောတယ်။ အဲဒါကြောင့် သူ့နာမည်ကို ကျွန်တော်တို့ မသိဘူးဗျ။ ဖမ်းတာကတော့ လမ်းပြအဖြစ် ဖမ်းတာလို့ သိရပါတယ်။ အခု အဲဒီလူကို သူတို့စစ်ကြောင်းနဲ့ အတူဖမ်းထားတာ။ အဲဒီစစ်ကြောင်းက အခု ငမဲပြင်ရွာထဲမှာပါ။ ရွာ လေး/ငါးရွာက လူတွေလည်း အဲဒီစစ်ကြောင်းကို ကြောက်ပြီး ထွက်ပြေးနေကြပါတယ် ” ဟု နိရဥ္စရာသို့ ပြောသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးကျော်ဝင်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ “တန်းမြင့်ကြီးတို့ ငမဲပြင်တို့ကကျတော့ မနေ့ကတည်းက ထွက်ပြေးနေကြတာပါ။ စစ်ကြောင်းက ကျွဲတဲတို့ ခမောင်းတက်တို့ဘက်ကိုလည်း သွားတယ်လို့ ကြားပါတယ်။ ရွာသားတွေက စစ်သားတွေလာရင် ကြောက်ပြီး ထွက်ပြေးကြမှာပေါ့။ မြို့နဲ့ နီးစပ်တဲ့ နေရာတွေကို ပြေးကြတယ်။” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများအကြား နေရပ်စွန့်ခွာထွက်ပြေးနေရသူ စစ်ဘေးရှောင် ၁၅၆၄၅၆ ဦးရေ ရှိပြီဖြစ်ကြောင်း ဇွန်လ ၈ ရက်နေ့က ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ထုတ်ပြန်သည့် စာရင်းအရ သိရသည်။


ဆက်စပ် သတင်းများ