သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တောင်ကျချောင်းရေ ၅ပေထိ မြင့်တက်လာသဖြင့် မြေပုံ ရက်ချောင်းစစ်ဘေးရှောင်စခန်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 6.3k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇူလိုင် ၆/၂ဝ၂ဝ

မြေပုံမြို့နယ် ရက်ချောင်းစစ်ဘေးရှောင်စခန်းထဲ တောင်ကျရေ ၅ပေ နီးပါးထိ မြင့်တက်လာသဖြင့် စခန်းတစ်ခုလုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည်ဟု သတင်းရရှိသည်။

ယမန်နေ့ နေ့လယ် ၂ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ည ၁၁ နာရီခန့်တွင် တောင်ကျချောင်းရေ ၅ ပေနီးပါးထိ မြင့်တက်လာသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များအပါအဝင် စခန်းတစ်ခုလုံး ထွက်ပြေးခဲ့ရကြောင်း စခန်းတာဝန်ရှိသူ မြတန်ဆောင်းဆရာတော်က နိရဥ္စရာသတင်းဌာနအား မိန့်သည်။

“ ရေတက်လာတော့ ည ၆ နာရီနာရီလောက်မှာ အခြေနေမဟန်လို့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို ဘေးလွတ်ရာကိုပို့တယ်။ လေးတောင်ရွာထဲကိုပြောင်းပြေးကြတယ်။ ည ၁၁ နာရီလောက်မှာ ရေက လေးပေကျော်ငါးပေနီးပါးအထိ တက်လာတော့ စခန်းတစ်ခုလုံးအကုန်ပြောင်းပြေးရတယ်”  ဟု ဆရာတော်က ပြောသည်။

၄င်းစစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာများ ရေအောက်ပါသွားသဖြင့် ပျက်စီးခဲ့သူများရှိပြီး ယနေ့ နံနက်တွင် ရေကျသွား၍ သန့်ရှင်းရေးများလုပ်နေရကြောင်း ၄င်းကဆက်ပြောသည်။

“ရိက္ခာတွေကျန်ခဲ့တဲ့လူတွေ လည်းရှိတော့ အကုန်ပျက်စီးကုန်တယ်။ ဒီနေ့မနက်ရေကျတော့ ကြမ်းခင်းတွေ ဆေးနေကြတယ်။ ဦးဇင်းကတော့ ရေတက်လာရင်မနစ်အောင် နေဖို့အိမ်တွေ အမြင့်ဆောက်လုပ်ပေးချင်တယ်။ အကူညီတွေပေးကြဖို့လည်း တိုက်တွန်းချင်တယ်”ဟု ဦးဇင်းက ဆက်မိ်န့်သည်။

၄င်းစစ်ဘေးရှောင်စခန်းရှိ ဒေါ်မသိန်းစိန်ကလည်း ရေတက်လာသဖြင့် အဝတ်အစားများ နှင့် စားနပ်ရိက္ခာများ ပျက်စီးခဲ့ပြီး လူများမှာဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်းပြောသည်။

“အားလုံးပြေးရတယ်။ အိမ်တွေလည်းအကုန်နစ်သွားတယ်။ငါးပေလောက်တက်တယ်။ အဝတ်တွေ စားနပ်ရိက္ခာတွေ မြုပ်သွားတယ်” ဟုပြောသည်။

၄င်းစစ်ဘေးရှောင်စခန်းတွင် လွန်ခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က ယခုကဲ့သို့ ရေပြည့်ခဲ့သဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။

ရက်ချောင်းစစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၄၁၇ ဦးနေထိုင်လျက်ရှိကြောင်း သိရသည်။


ဆက်စပ် သတင်းများ