ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦးတိမ်ညိုစစ်ဘေးရှောင်စခန်းမှ ဆန်အိတ်မျာကို တပ်မတော်စစ်ကြောင်းတစ်ခုက ယူဆောင်သွားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.4k

ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၁ဝ/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦိးမြို့နယ်၊ တိမ်ညိုကျေးရွာရှိ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာကြက်ခြေအနီအဖွဲ့ (ICRC) မှ ထောက်ပံ့ ထားသည့် ဆန်အိတ်အများအပြားကို ယနေ့ နံနက် ၇ နာရီခန့်က တပ်မတော်သား အချို့က ကားများပေါ်တင်ကာ ယူဆောင်သွားကြောင်း စခန်းတာဝန်ရှိသူများက ပြောကြားသည်။

၎င်းဆန်အိတ်များမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် နိုင်ငံတကာကြက်ခြေအနီအဖွဲ့ ICRC မှ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက လှူဒါန်းထားခြင်းဖြစ်ကြောင်း တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ပြောသည်။

"အဲဒီဆန်အိတ်တွေက ဘေးစီမံက ထောက်ပံ့ထားတာပါ။ စစ်ဘေးရှောင်တွေအတွက်ပေါ့။ ICRC က လှူထားတဲ့ ဆန်အိတ် ၁ဝဝ လောက်လည်းရှိတယ်။ အဲဒီဆန်အိတ်ကို စစ်ဘေးရှောင်စခန်းက ရိက္ခာထားတဲ့ ဂိုဒေါင်မှာထားတော့ နေရာမဆံ့တော့လို့ ဘေးစီမံကလှူတဲ့ ဆန်အိတ်တွေကို ရွာက  ဘုန်းကြီးကျောင်းရဲ့ ဓမ္မရုံမှာ ထားထားတာ။ အဲဒါကို စစ်သားတွေက ဒီနေ့မနက်က ကားတွေနဲ့ တင်ယူသွားတာ။ ဆရာတော်ကိုလည်း ဘာမှ မပြောဘူးလို့ သိရတယ်။ အခု ဆရာတော်လည်း ဖုန်းစက်ပိတ်ထားတယ်။ ကျွန်တော်တို့ အဆက်သွယ်မရဘူး" ဟု ယနေ့ နံနက် ၁၁ နာရီခန့်က နိရဥ္စရာသို့ ပြောသည်။

နိုဝင်ဘာ ၂ ရက်နေ့မှစ၍ အင်အား ၁၈ဝ ခန့်ပါသည့် တပ်မတော်စစ်ကြောင်းတစ်ခုက တိမ်ညိုကျေးရွာအတွင်း အဝင်အထွက်လုပ်နေခဲ့ပြီး ကျေးရွာသားအချို့အား ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းက ဆန်အိတ်များအား တင်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

"နိုဝင်ဘာ ၂ ရက်နေ့ကတည်းက သူတို့ ရွာကို အဝင်အထွက် ရှိတယ်။ ကျွန်တော့်ကိုတောင် သူတို့ဆီလာဖို့ ခေါ်သေးတယ်။ ကျွန်တော်လည်း နေမကောင်းလို့ တခြားတစ်ခုမှာ ဆေးကုနေရလို့ မသွားဖြစ်ဘူး။ စစ်သားတွေက ဘယ်တပ်ရင်းကလဲဆိုတာကို ကျွန်တော် ရွာသားတွေကိို လှမ်းမေးတော့ သူတို့ယူနီဖောင်းမှာ အမှတ်တံဆိပ်တွေမပါဘူးလို့ ပြောတယ်။ အားကစားအဝတ်တွေ ဘောင်းဘီတွေ ဝတ်ထားတယ်လို့တော့ ရွာသားတွေ ကျွန်တော့်ကို ပြောပြလို့ သိရတယ်။ ဆန်အိတ်တွေက ဘေးစီမံက စစ်ဘေးရှောင်တွေ အတွက် ထောက်ပံ့ထားတာလို့ ကျွန်တော် ပြောပြထားပါတယ်။ မရဘူးပေါ့။” ဟု ပြောသည်။

၎င်းဆန်အိတ်များမှာ စခန်းတွင် နေရာမဆံ့သဖြင့် တိမ်ညို ရွာသစ် ဘုန်းတော်ကြီးကျောင်းတွင် ထားသော ဆန်အိတ်များဖြစ်ကြောင်း  စခန်းကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးစိုးနိုင်က ပြောသည်။

“ တပ်မတော်သားတွေ စခန်းကို ရောက်လာပြီး ဆန်တွေကို သူတို့ရှေ့မှာပဲ ဝေရမယ်ပြောလို့ ဒီနေ့  စစ်ဘေးရှောင်တွေကို ဝေဖို့ လုပ်နေတာပါ။ ဒီနေ့ မနက်မှာတော့ ဆန်တွေကို တိမ်ညို ရွာသစ် ဘုန်းတော်ကြီး ကျောင်းကနေ ကားပေါ်တင်ပြီး စစ်သားတွေက ယူသွားပါတယ်။ ဆန်အိတ်က ၂၅ဝ နဲ့ ၃ဝဝ အကြားရှိပါတယ်။ လူကယ်ပြန်နဲ့ ICRC က လှူထားတဲ့ ဆန်တွေပါ။ မနက်က ကားနဲ့ ၆ နာရီခွဲ ၇ နာရီမှာ ကား သုံးစီးနဲ့ တင်သွားပါ။ သူတို့က မသင်္ကာလို့ ယူတဲ့ သဘောပါ” ဟု စခန်းကော်မတီဝင် တစ်ဦးဖြစ်သူ ဦးစိုးနိုင်က ပြောသည်။

ဆန်အိတ်များကို တပ်မတော်တပ်ဖွဲ့ တစ်ခုက ယူဆောင်သွားသဖြင့် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့ အကြောင်းကြားသည်ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ဆန်အိတ်ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးရဲမင်းဦးအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများအား မေးမြန်းပါဟု ပြောကြားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်သို့ ဆက်သွယ်ရာ က "ကျွန်တော်လည်း အဲဒီလို သတင်းတော့ ကြားတယ်။ အသေချာတော့ မသိသေးဘူး။ အဲဒီဆန်အိတ်တွေက ဘေးစီမံက ထောက်ပ့ံတာ ဟုတ်/မဟုတ်တော့ ဘေးစီမံကို မေးမှရမယ်။ ကျွန်တော်လည်း မပြောတတ်ဘူး" ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

တိမ်ညို စစ်ဘေးရှောင်စခန်းတွင် မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်း၊ လက္ကာ၊ အောက်သကန်၊ ဘူးရွက်မညိုး စသည့် ကျေးရွာတို့မှ ထွက်ပြေးခိုလှုံနေသည့် စစ်ဘေးရှောင်ဦးရေ ၃၃၅၅ ဦးရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ