ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ် အောင်လံချိန်ကျေးရွာအတွင်းသို့တပ်မတော်မှ ဝင်ရောက်စစ်ဆေးမှုကြောင့် ရွာသားများကြောက်လန့်ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.9k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ နိုဝင်ဘာ ၁၁ / ၂ဝ၂ဝ

 ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အောင်လံချိန် (အလံချိန်) ကျေးရွာအတွင်းသို့  မြန်မာ့ တပ်မတော် စစ်ကြောင်းတစ်ခုက ယနေ့ နံနက်မှ စ၍ ရွာအတွင်းသို့ ဝင်ရောက်စစ်ဆေးမှုများ ရှိနေသဖြင့် ရွာသားများ ထွက်ပြေးနေကြသည်ဟု သတင်းရရှိသည်။

ကျောက်ဖြူမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ဦးထိန်လင်းက “ ဒီနေ့ စောစောကနေ စစ်သား ၄ဝ၊ ၅ဝ လောက် ရွာထဲကို ဝင်လာတယ်လို့ ပြောတယ်။ သူတို့က ဇက်သင်္ဘောတွေနဲ့ လာကြတာ။ ကျနော်ကိုပြောတာကတော့ သင်္ဘောနှစ်စီးနဲ့လာကြတယ်လို့ ပြောတယ်။ ရွာထဲကို ဝင်စစ်တာက သင်္ဘောတစ်စီးက လူတွေပဲ ရွာထဲကို ဝင်ပြီးတော့ စစ်နေတယ်လို့ ပြောတယ် ” ဟုပြောသည်။

အဆိုပါစစ်ဆေးမှုများကြောင့် ရပ်သူ/ ရွာသားများမှာ ရွာမှ ထွက်ပြေးကြပြီး တချို့မှာ ရွာထဲတွင် ကျန်ရှိ သေးကြောင်း ၄င်းကဆက်ပြောသည်။

၄င်းအောင်လံချိန် (အလံချိန်) ကျေးရွာတွင် အိမ်ခြေ ၃ဝဝ ကျော်ရှိပြီး လူဦးရေ ၁၅ဝဝ  ခန့်အထိရှိကြောင်း သိရှိရသည်။

ကျောက်ဖြူမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကလည်း အောင်လံချိန်ကျေးရွာသို့ တပ်မတော်သားများဝင်ရောက်စစ်ဆေးနေခြင်းမှာ ဟုတ်မှန်ကြောင်းနှင့် တပ်မတော်သားများအနေဖြင့် ရွာထဲမှ ထွက်ခွာသွားခြင်း ရှိ/ မရှိကိုမူ ၄င်းရွာသားများနှင့် အဆက်အသွယ်မရရှိသဖြင့် မသိရှိရသေးကြောင်း နိရဥ္စရာ သတင်းဌာနမှ ၁၂ နာရီ ၁ဝ မိနစ် အချိန်ခန့်က ဆက်သွယ်မေးမြန်းစဉ် ပြန်လည်ဖြေကြားခဲ့သည်။

“အခုက ရွာသားတွေနဲ့လည်း အဆက်အသွယ်မရဘူး။ ရွာသားတွေက ဖုန်းပိတ်ထားတယ်။ ကျနော်ကိုတော့ မနက်က ရွာသားတစ်ယောက်က ဖုန်းဆက်ခဲ့တယ်။ စစ်သားတွေက တစ်အိမ်တက်၊ တစ်အိမ်ဆင်း စစ်ဆေးနေတယ်ဆိုပြီးတော့ ဖုန်းဆက်ခဲ့တယ်။ကျနော်ကို  ဖုန်းဆက်ခဲ့တာတော့ စစ်သားတွေက ဇက်နှစ်စီးနဲ့လာတယ်။ စစ်သား ၅ဝ  လောက်ပါမယ်ဆိုပြီးတော့ ကျနော်ကို ဖုန်းဆက်ခဲ့တယ်။ အခုလည်း စစ်သားတွေကတော့ ရွာထဲမှာ ရှိမယ်ထင်တယ်။ ဒါပေမယ့် ရွာသားတွေနဲ့ အဆက်အသွယ် မရရှိတဲ့အတွက် ကျနော်လည်း အတိအကျ ပြောလို့တော့ မရဘူး ” ဦးကျော်လွင်က ဟုပြောသည်။

အောင်လံချိန် (အလံချိန်) ကျေးရွာသို့ တပ်မတော်သားများ မကြာခဏ ဝင်ရောက်စစ်ဆေးလေ့ရှိပြီး ယခုတစ်ကြိမ်ဆိုလျှင် ၅ ကြိမ်၊ ၆ ကြိမ်အထိ ရှိသွားပြီးဖြစ်ကြောင်း ဦးကျော်လွင်က ဆက်ပြောသည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်၍  အောင်လံချိန် (အလံချိန်) ကျေးရွာသားများအား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း ရွာသားများမှာ ဖုန်းပိတ်ထားသဖြင့် အဆက်အသွယ်မရရှိခဲ့ပါ။

ဆက်စပ် သတင်းများ