ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရခိုင်စစ်ဘေးရှောင်များကို ကိုယ်ချင်းစာနာ၍ ကချင်အမျိုးသမီးအဖွဲ့တစ်ခုမှ ငွေကျပ် ၂၅သိန်းလှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 10.4k

အိမ်စိုးဖြူ
နိရဥ္စရာ၊ နိုဝင်ဘာ ၁၁/၂ဝ၂ဝ

ရခိုင်စစ်ဘေးရှောင်များကို ကိုယ်ချင်းစာနာမိ၍ ကချင်စာပေနှင့် ယဉ်ကျေးမှုအမျိုးသမီးအဖွဲ့ချုပ်ဌာနမှ ရခိုင် စစ်ဘေးရှောင်များအတွက် ငွေကျပ် ၂၅ သိန်းကို မေယုဒေသ ပရဟိတအဖွဲ့မှတဆင့် နိုဝင်ဘာ ၁ဝ ရက်နေ့က ထောက်ပံ့လှူဒါန်းလိုက်ကြောင်း သတင်းရရှိသည်။

ကချင်စာပေနှင့် ယဉ်ကျေးမှုအမျိုးသမီးအဖွဲ့ အတွင်းရေးမှူး ဖြစ်သူဒေါ်ထုနန်က“ ကျွန်မတို့ ကချင်တွေဟာ စစ်ဘေးရှောင်ဘဝနဲ့ အများကြီးဖြတ်သန်းခဲ့ကြရတယ်။ ဒါတွေကြောင့် ကျွန်မတို့ ခံစားဖူးတဲ့အတွက် ရခိုင်မှာ ဖြစ်နေတာတွေကို ကိုယ်ချင်းစာနာမိလို့ပါ။ ကျွန်မတို့အမျိုးသမီးတွေမှာ ပိုပြီးခံစားကြရပါတယ်။ ဒါကြောင့် သူတို့နဲ့ ကျွန်မတို့အမြဲတမ်းအတူရှိနေမှာပါလို့ပြောချင်တယ်။ ရှေ့လျှောက်လည်း အများကြီးကူညီနိုင်အောင် ကြိုးစားနေပါတယ်လို့။ ရခိုင်စစ်ဘေးသင့် ပြည်သူတွေနဲ့ အဲဒီမှာရှိနေတဲ့ အမျိုးသမီးတွေကလည်းအားလုံး ခံနိုင်ရည်ရှိအောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်” ဟုပြောသည်။

ကိုဗစ်ကာလတွင် အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်နေကြရသည့် ရခိုင်စစ်ဘေးရှောင်အမျိုးသမီးများ၊ သက်ကြီး ရွယ်အိုများနှင့် ကလေးသူငယ်များကို ပို၍ ကိုယ်ချင်းစာနာမိကြောင်း၊ သို့အတွက်  ယခုကဲ့သို့ စုပေါင်း ကောက်ခံလှူဒါန်းလိုက်ခြင်းဖြစ်ကြောင်း၊ ရခိုင်စစ်ဘေးသင့်များသို့ ယခုကဲ့သို့ လှူဒါန်းရသည့်အတွက် ဝမ်းသာကြောင်းသူမကပြောသည်။

မေယုဒေသ ပရဟိတအဖွဲ့မှ ၄င်းအလှူငွေများအားလက်ခံရရှိပြီး စစ်ဘေးရှောင်အများအတွက် အထွေထွေ စားနပ်ရိက္ခာလှူဒါန်းသွားမည်ဟု ၄င်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုမေယုထွန်းကပြောသည်။

“ ငွေကျပ် နှစ်ဆယ့်ငါးသိန်းလှူတာပါ။ ရခိုင် စစ်ဘေးရှောင်တွေ အခက်အခဲတွေ ဖြစ်နေကြတယ်ကြားလို့ အခုလိုဖြစ်နေတာကို သူတို့ စိတ်မကောင်းခံစားနေကြရတဲ့အတွက် လှူဒါန်းကြတာလို့ ဆိုပါတယ်။ ကျွန်တော်တို့ကလည်း ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ အခုလိုလှူဒါန်းပေးတဲ့ အတွက်ပေါ့” ဟုပြောသည်။

၄င်းတို့ အမျိုးသမီးအဖွဲ့မှာရှမ်းပြည်နယ်တွင် အခြေစိုက်သည့် ကချင်အမျိုးသမီးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။
 

ဆက်စပ် သတင်းများ