ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

အပစ်အခတ်ရပ်နားနေချိန် ရခိုင်စစ်ဘေးရှောင်ခြောက်သောင်းကျော် နေရပ်သို့ယာယီပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.2k

ဇွဲဓန(ဘက္ကားမြေ )
နိရဥ္စရာ၊ ဒီဇင်ဘာ ၄ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်အတွင်း နှစ်ဘက်တိုက်ပွဲများ ရပ်နားနေချိန်တွင် စစ်ဘေးရှောင် ခြောက်သောင်းကျော် နေရပ်သို့ ယာယီပြန်သွားကြကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

“နေရပ်ကို ခြောက်သောင်းကျော် ယာယီပြန်သွားကြတယ်။ နောက်ထပ် သုံးထောင်ကျော်က အပြီး ပြန်သွားတယ်။ ယာယီပြန်တာနဲ့ အပြီးပြန်တာ ပေါင်းလိုက်ရင် ခုနှစ်သောင်းလောက်ရှိတယ်။ အဲဒီပြန်သွားတဲ့ ခုနှစ်သောင်းလောက်က လေးသောင်းကျော်ဟာ ကျွန်တော်တို့စာရင်းထဲမှာ ပါတယ်။ ကျန်တဲ့ သုံးသောင်း လောက်ဟာ သူတို့ရဲ့ အသိမိတ်ဆွေ၊ နီးစပ်ရာတွေမှာ နေကြတာ။ အဲဒါကို ကျွန်တော်တို့က စာရင်းကောက်ပြီး ကျွန်တော်တို့စာရင်းက လေးသောင်းလောက်နဲ့ ပေါင်းလိုက်တော့ နေရပ်ကိုပြန်တာ ခုနှစ်သောင်းလောက် ဖြစ်သွားတယ် ” ဟု နိရဥ္စရာသို့ ပြောသည်။

နေရပ်သို့ ပြန်သွားသည့် စစ်ဘေးရှောင်ခြောက်သောင်းကျော်မှာ စပါးရိတ်သိမ်းချိန်ဖြစ်၍ ၄င်းတို့၏ ကျေးရွာ အခြေနေကို စောင့်ကြည့်ပြီး အခြေနေကောင်းလျှင် စပါးများအား ရိတ်သိမ်းရန်အအတွက် ယာယီ ပြန်သွားကြခြင်းဖြစ်ကြောင်း အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ဆက်လက် ပြောဆိုသည်။

အဆိုပါ နေရပ်သို့ ယာယီပြန်သွားသည့် စစ်ဘေးရှောင်ခြောက်သောင်းကျော်မှာ မြောက်ဦး၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်တို့မှဖြစ်ပြီး နေရပ်သို့ အပြီးပြန်သွားသည့် စစ်ဘေးရှောင်သုံးထောင်ကျော်မှာ ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်တို့မှဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“သူတို့တွေ အဓိကပြန်တာကတော့ အခု စပါးရိတ်သိမ်းခြွေလှည့်ချိန်ဆိုတော့ စပါးရိတ်သိမ်းလို့ရမလား အခြေနေကို သွားကြည့်တာပေါ့။ ပြီးတော့ တချို့ လူတွေကတော့ ရွာရဲ့အခြေနေကိုစောင့်ကြည့်ရင်း နေကြည့်ဖို့ပေါ့။ တကယ်လို့ သူတို့တွေက အခြေနေ မကောင်းဘူးဆိုရင် ပြန်လာကြမယ်ပေါ့။ ပြီးတော့ ဆောင်းသီးနှံစိုက်ခင်းတွေ စိုက်လို့ရမလားဆိုပြီး ပြန်သွားကြတာပေါ့။ နေရပ်ကို ယာယီပြန်တဲ့လူတွေကို ကျွန်တော်တို့  စစ်ဘေးရှောင် စာရင်းက ထုတ်လိုက်တာတော့ မဟုတ်ဘူးပေါ့နော်” ဟု ဦးဇော်ဇော်ထွန်းက ဆက်ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခတည်ငြိမ်နေ၍ နေရပ်သို့ ယာယီပြန်ကာ စပါးများအား ရိတ်သိမ်းနေကြောင်း ရသေ့တောင်မြို့နယ်၊ စေတီပြင်စစ်ဘေးရှောင်စခန်း၌ ခိုလှုံနေထိုင်ခဲ့သည့် ငစံဘော်ကျေးရွာမှ ဒေါ်စိုးခင်နုက ပြောသည်။

“ကျမတို့က စပါးရိတ်သိမ်းဖို့ ရွာကို ခေတ္တ ပြန်လာတာပေါ့။ နောက်လုပ်တဲ့ အလုပ်တော့ မရှိဘူးပေါ့နော်။ အဓိကထားပြီး စပါးကိုရိတ်သိမ်းတာပေါ့။ အခုတော့ အပစ်အခတ်တွေ မရှိဘူး၊ ဒီလိုမျိုး နောက်လည်း အပစ်အခတ်မရှိဘဲ အေးအေးချမ်းချမ်းဖြစ်လာရင် ရွာမှာပဲ နေမှာ။ မအေးချမ်းဘူးဆိုရင်တော့ ကျမတို့နေခဲ့တဲ့ စစ်ဘေးရှောင်စခန်းကိုပြန်သွားရတော့မှာပေါ့ ” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂၃၄၉၁၅ ဦး ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ ထုတ်ပြန်ခဲ့သည်။

ယခုရက်ပိုင်းအတွင်း နေရပ်သို့ ပြန်သွားကြသည့် စစ်ဘေးရှောင်များမပါဝင်ဘဲ လက်ရှိ စစ်ဘေးရှောင် စခန်းများတွင် ကျန်ရှိနေခဲ့သည့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၁၉၄ဝ၉၄ ဦးရှိကြောင်း ယမန်နေ့ ဒီဇင်ဘာ ၃ ရက်နေ့က ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က သတင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ် သတင်းများ