ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

“ ကျောက်တော်မြို့နယ် မဟာမုနိစစ်ဘေးရှောင်စခန်းမှ အသံများ”


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.4k

နိရဥ္စရာ၊ ဒီဇင်ဘာ ၅/ ၂ဝ၂ဝ

မဟာမုနိစစ်ဘေးရှောင်စခန်းဆိုတာက ကျောက်တော်မြို့နယ် သမိုင်းဝင် မဟာမုနိဘုရားအနီးမှာ တည်ရှိပါတယ်။ ဘုရားအနီးမှာတည်ရှိတာကြောင့် မဟာမုနိစစ်ဘေးရှောင်စခန်းလို့ ခေါ်ပါတယ်။ ဒီစခန်းမှာ ကျောက်တော်မြို့နယ် နဂရာ၊ ရွှေပြည်သစ်၊ ရွှေပြည်ဟောင်း၊ ကျောက်ဂူစု၊ အလယ်ကျွန်း၊ မျောက်တောင်၊ သာစည်၊ မာလာ၊ ကွမ်းစျေး၊ ပြိုင်းတိုင်း၊ လောင်းရှည်၊ တင်းမနဲ့ ပလက်ဝမြို့နယ်က သူဌေးကုန်း၊ စိမ့်စမ်း၊ ရေချမ်းဝ၊ လိပ်ခေါင်းကျေးရွာနဲ့ ပလက်ဝမြို့ပေါ်ကနေ ထွက်ပြေး တိမ်းရှောင် လာကြတဲ့ သူတွေ ခိုလှုံနေကြပါတယ်။ စုစုပေါင်းလူဦးရေ ၂၅၁၂ ဦး ရှိတယ်လို့ သိရပါတယ်။ ဒီစခန်းကို နိရဥ္စရာက သတင်းထောက် မဆောင်းဇာခြည်နဲ့ ရုပ်သံသတင်းထောက် သျှင်မင်းဇံ တို့ ကိုယ်တိုင်သွားရောက်ပြီး စခန်းအတွင်းမှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ အခက်အခဲတွေကို အများသူငှာ သိရှိနိုင်ဖို့ မေးမြန်းတင်ပြပေးလိုက်ပါတယ်။


ဦးသားကြီး (စခန်းတာဝန်ခံ)
-စားဝတ်နေရေးက ပြည့်စုံမှုမရှိဘူး။ ဆန်လည်း မပြည့်စုံဘူး။ ဆန်က အခုနောက်ပိုင်း အလှူရှင်တွေ မရှိဘူး။ လူကယ်ပြန်ကတော့ နှစ်ကြိမ်လှူထားတာ ရှိတယ်။ ၉ လပိုင်းကတစ်ကြိမ်ရယ်၊ ၁ဝ လပိုင်းက တစ်ကြိမ်ရယ် လာလှူထားတာပါ။ ၉ လပိုင်းက နှစ်ပတ်အတွက် လှူတာပါ။ ၁ဝ လပိုင်းကတော့ အိမ်ထောင်စု ၄၇ဝ ကို တစ်လစာအတွက် လှူတယ်။ အဲဒီဆန်တွေက အခုကုန်ခါနီးနေပြီ။ ကျွန်တော်တို့မှာ အိမ်သာပိုင်းတွေ၊ ကျန်းမာရေး ဆေးဝါးပိုင်းတွေက အခက်ခဲရှိပါတယ်။ ရေအတွက်လည်း အခက်ခဲရှိပါတယ်။ ဒီစားဝတ်နေရေးမှာ မီးဖိုချောင်သုံးဖို့ အပိုင်းမှာ အကုန်လုံး လိုအပ်ပါတယ်။ အခု ရိက္ခာပေးတဲ့အပိုင်းမှာကလည်း ဆန်တစ်ခုပဲ ပေးတော့ ဆီတွေဘာတွေကို ကျွန်တော်တို့က ဝယ်ပေးတယ်။ ဝယ်ပေးတာကလည်း အလှူရှင်တွေဆီက ငွေမလာတဲ့အတွက် ကျွန်တော်တို့မှာ ပြတ်လတ်ပါတယ်။ မပေးနိုင်တာတွေ ရှိတယ်။ ဆီ၊ ဆား၊ ကြက်သွန်၊ ဟင်းခတ်မှုန့်တွေကို တစ်ခါတစ်လေပေးလိုက်ရတဲ့အခါ ရှိသလို မပေးရတဲ့အခါတွေလည်း ရှိတယ်။ နောက်တစ်ခုက အဆောင်မှာ နှင်းယိုစိမ့်မှုဖြစ်တယ်။ စစ်ဘေးရှောင်တွေ ဝတ်ဖို့ အနွေးထည်တွေလည်း လိုတယ်။ ဆောင်းတွင်းမို့လို့ စောင်လည်း လိုတယ်။ ကျွန်တော်တို့ စစ်ဘေးရှောင်စခန်းက ၉ လပိုင်းကမှ စဖွင့်တာဆိုတော့ ဒီဆောင်းက စခန်းနေသူတွေ ပထမဆုံးရင်ဆိုင်ရမယ့် ဆောင်းရာသီဖြစ်ပါတယ်။


ဒေါ်သန်းသန်းဝင်း (၇ လသားအရွယ်ကလေးငယ်၏ မိခင်၊ ကျောက်တော်မြို့နယ်/ရွှေပြည်ကျေးရွာ)
-အခက်ခဲတော့ အခု ဆောင်းရာသီရောက်လာပြီဆိုတော့ ချမ်းတယ်၊ နှင်းယိုလို့ ခေါင်မိုးတွေကို ဖာထေး ထားရတယ်။ ကလေးအတွက်လည်း စိုးရိမ်တယ်။ နှင်းယိုလို့ နှာစေးတယ်၊ ဖျားတယ်။ ဒုက္ခတွေ အမျိုးမျိုးဘဲ။ အေးချမ်းရင် ကိုယ့်ရွာကို ကိုယ်ပြန်ချင်တယ်။ ဒီမှာက ငွေရေးကြေးရေးလည်း အဆင်မပြေဘူး။ ဝတ်ဖို့စားဖို့ အဝတ်လည်း ပါလာတာမဟုတ်ဘူးလေ။ ကလေးနဲ့ပြေးလာတာမို့ အဝတ်တွေ မသယ်နိုင်ခဲ့ဘူးလေ။ အခု ကလေးအသုံးအဆောင်ပစ္စည်းတွေလည်း လုံလောက်မှုမရှိဘူး။ ကလေးနေမကောင်းဖြစ်ရင် ဆေးခန်းပြဖို့ အခက်အခဲဖြစ်တယ်။ အခုချမ်းလာရင် ကလေးအတွက် အနွေးထည်တွေ အဲဒါတွေ လိုချင်ပါတယ်။ စစ်သားတွေက ရွာမှာ ဖမ်းတယ်၊ ရိုက်တယ်။ အဲဒါကိုကြောက်ပြီး ရွှေပြည်ရွာသားတွေ အကုန် ထွက်ပြေး လာကြတာ။ ကလေး ၄ လသားအရွယ်နဲ့ ပြေးလာခဲ့တာ။


ဒေါ်မတင်အေး (ကျောက်တော်မြို့နယ်-မျောက်တောင်ကျေးရွာ)
-ဘာတစ်ခုမှ အဆင်မပြေဘူး။ အကုန်လုံးက အခက်ခဲပဲ။ နေရတဲ့ အဆောင်မှာ ခေါင်မိုးတွေကလည်း မကောင်းဘူး။ ဘယ်လိုမှ အဆင်မပြေဘူး။ အိမ်သာတွေလည်း လိုတယ်။ စားရေးသောက်ရေးလည်း အဆင်မပြေဘူး။ ဆီ၊ ဆား၊ ငရုတ်လည်း မရဘူး။ ငွေရေးကြေးရေးလည်း အဆင်မပြေဘူး။ ကျပ်တည်းတယ်။ စောင်လည်းမရှိဘူး။ တစ်မိသားစုလုံးမှ တစ်ထည်တည်းရှိတယ်။ အခုက ဆောင်းရာသီရောက်လာတော့ အေးလာပြီ။ အခုနေတဲ့ အဆောင်မှာ နှင်းက ခေါင်မိုးက ယိုစိမ့်တယ်။ နှာစေးတယ်။ နေမကောင်းဖြစ်တယ်။ အမိုးအကာတွေ လုံလုံလောက်လောက် လိုချင်တယ်။ စောင်လည်း လိုချင်တယ်။ အစိုးရစစ်သားတွေ နေဗီတွေနဲ့ တက်လာရင် ပစ်ပြီးတက်လာတယ်။ အဲဒါကြောင့် ကြောက်ပြီး ထွက်ပြေးလာတာပါ။


ဦးစောမောင် (ကျောက်တော်မြို့နယ်-သာစည်ကျေးရွာ)
 အခု လက်ရှိ ဒီကယ်ဆယ်ရေး စခန်းမှာလည်း စားဝတ်နေရေး အဆင်မပြေဘူး။ ဆောင်းရာသီရောက်လာပြီဆိုတော့ အနွေးထည်လိုတယ်။ ဆန်ကတော့ ရတယ်။ ငါးပိ၊ ငါးခြောက်၊ ဆား အဲဒါတွေကအစ မရတဲ့အခါမရပါဘူး။ မပြည့်စုံပါဘူး။ ကျွန်တော်တို့မှာတော့ ကိုယ့်ကိုကိုယ် ဖန်တီးနေထိုင်ရတာပါပဲ။ ချမ်းရင်လည်း ဝတ်ထားတဲ့ ပုဆိုး(လုံချည်) ကို ခြုံပြီး နေထိုင်ရတာပါပဲ။ အနွေးထည်ကလည်းမရ၊ ဒီကလည်း ထုတ်မပေးနိုင်ဘူး။ လှူမယ့်သူကလည်း မရှိဘူး။ အဲဒါကြောင့် အခက်ခဲမျိုးစုံခံရပါတယ်။ ဒီကယ်ဆယ်ရေးစခန်းက တစ်မိသားစုကို နေဖို့ အဆောင်ငယ်လေး တစ်ခုစီပေးပါတယ်။ အဆောင်မှာက နှင်းယိုတယ်။ ညကျရင်ချမ်းတယ်။ မအိပ်နိုင်ဘူး။


ဒေါ်သန်းနွယ် (ပလက်ဝမြို့နယ်- လိပ်ခေါင်းကျေးရွာ)
စစ်ဘေးရှောင်စခန်းမှာ ဘာတစ်ခုမှ အဆင်မပြေဘူး။ စားသောက်ရတာလည်း အဆင်မပြေဘူး။ မိသားစုက ၅ ယောက်ရှိတယ်။ စောင်ကလည်း တစ်ထည်ပဲ ရတယ်။ အိပ်ရင်လည်း နှင်းယိုတယ်။ အခုလည်း ဒေါ်လေးတို့မှာ ကလေးတွေ ဖျားနေတယ်။ ဒေါ်လေးဒီကို ရောက်ရောက်ချင်း စောင်တစ်ထည်ပေးတယ်၊ ဖျာခင်း တစ်ခု ပေးတယ်။ ပန်းကန် ၃ ခုပေးတယ်။ ထမင်း၊ ဟင်းချက်ဖို့ အိုး သုံးလုံးပေးတယ်။ ဇွန်းက နှစ်ချောင်းရတယ်။ ဘယ်လိုမှ အဆင်မပြေဘူးပေါ့နော်။ နှင်းယိုတာကို ဖြစ်နိုင်ရင် အမိုးကို လုံစေချင်တယ်။ ညအိပ်ရင် နှင်းယိုတဲ့ အတွက် နေမကောင်းဖြစ်ကြတယ်။ လေတိုက်ရင်လည်း လေဝင်တယ်။ ဆန်တော့ ရတယ်။ လူတစ်ယောက်ကို ထမင်းတစ်ထပ်စားဖို့အတွက် နို့ဆီဗူးတစ်လုံးစီ ရတယ်။ အိမ်ကို ပြန်ချင်နေပါပြီ။ တိုက်ပွဲတွေမဖြစ်ကြဖို့ ဒေါ်လေးတောင်းပန်ချင်ပါတယ်။ မြန်မာ့တပ်မတော်ကို ယမ်းပစ်မပစ်ပါနဲ့လို့ ပြောချင်ပါတယ်။ သူတို့လာရင် သေနတ်တွေနဲ့ ယမ်းပစ်တယ်။ အထက်လူကြီးတွေကို အပြစ်မရှိတဲ့သူတွေကို အပြစ်မရှာပါနဲ့လို့ တောင်းပန်ချင်ပါတယ်။


(ပြီး)

ဆက်စပ် သတင်းများ