ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်မှ တပ်မတော်တပ်စွဲထားသည့်ကျေးရွာများတွင် ရွာသားများ ရွာမပြန်နိုင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.5k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၇/၂ဝ၂ဝ

ရခိုင်ပြည်နယ်မှ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်မှ ကျေးရွာတချို့တွင် တပ်မတော်စစ်ကြောင်းများ တပ်စွဲ နေရာယူထားသဖြင့် ရွာသားများ လုံးဝရွာမပြန်ရဘဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

စစ်ကြောင်းများတပ်စွဲထားသဖြင့် ရွာသားတစ်ဦးတစ်ယောက်မှ ရွာမပြန်နိုင်ကြဘဲ ဖြစ်နေကြသော ကျေးရွာများမှာ ရသေ့တောင်မြို့နယ်မှ ထီးစွဲ၊ ဆောက်ခတ်၊ မညှင်းတောင်၊ အမျှက်တောင်တို့ဖြစ်ကြပြီး ဘူးသီးတောင်မြို့နယ်မှ နွားရုံတောင်၊ စံဂိုးထောင်၊ အောင်ဇေယျ၊ ဥယျာဉ်သာ၊ ရှရှားတောင်၊ သရက်ပြင်တို့ ဖြစ်ကြောင်း သိရသည်။

ရသေ့တောင်မြို့ပေါ်တွင် ခိုလှုံနေသည့် ထီးစွဲကျေးရွာအုပ်ချုပ်ရေးမှူးက “ အခု ကျွန်တော်တို့ ပြန်ချင်ပေမယ့် ရွာကို ပြန်လို့ မရဖြစ်နေပါတယ်။ ရွာထဲမှာရော၊ ရွာပြင်မှာရော စစ်တပ်ရှိနေပါတယ်။ စစ်တပ်ရှိရင် ဘယ်သူမှ မပြန်ရဲကြပါဘူး။ ရွာကို သွားတောင်မကြည့်ရဲကြဘူး။ ကျွန်တော်တို့ရွာက ရွာသားတွေ အပြင် ဆောက်ခတ်၊ မညှင်းတောင်၊ အမျှက်တောင် ကျေးရွာများတွင်လည်း စစ်ကြောင်းတွေရှိနေတဲ့ အတွက် မပြန်ရဲကြပါဘူး” ဟု ပြောကြားသည်။

၎င်းရွာသားများမှာ ရွာကိုစွန့်ခွာပြီး ရသေ့တောင်မြို့ပေါ် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသည်မှာ တစ်နှစ်ကျော်ရှိနေပြီး အခက်အခဲများစွာဖြင့် နေထိုင်နေကြရကြောင်း သည်ဟု ၎င်းက ပြောကြားသည်။

ဘူးသီးတောင်မြို့နယ်တွင် နွားရုံတောင်ကျေးရွာနှင့် စံဂိုးထောင်အနီးဝန်းကျင်တွင် တပ်မတော်မှ နေရာယူထားသဖြင့် မည်သူမျှ မပြန်ရဲကြဘဲ ဖြစ်နေကြောင်း စေတီတောင် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသူ တစ်ဦးက ပြောကြားသည်။

“ စစ်တပ်ရှိတာက နွားရုံတောင်နဲ့ စဂိုးထောင်မှာ ရှိပါတယ်။ ရွာထဲမှာ နေလား၊ အနီးအနားက တောင်မှာ နေလား ဘယ်သူမှ အတိအကျ မသိပါဘူး။ စစ်တပ်ကတော့ အဲဒီရွာနှစ်ရွာရဲ့ အနီးမှာ ရှိနေပါတယ်။ ရွာတွေ အဝင်အထွက်လည်းရှိနေပါတယ်။ ဒါကြောင့် နွားရုံတောင်၊ စံဂိုးထောင်၊ အောင်ဇေယျ၊ ဥယျာဉ်သာ၊ ရှရှားတောင်၊ သရက်ပြင်က ရွာသားတွေ တစ်ယောက်မှ မပြန်ရဲကြဘဲ ဖြစ်နေပါတယ်။ အဓိကတော့ လက်နက်ကြီးကျမှာကို စိုးရိမ်ရပါတယ်” ဟု ပြောကြားသည်။

စစ်တပ်မရှိသော ဘူးသီးတောင်မြို့နယ် စည်တောင်နှင့် ရသေ့တောင်မြို့နယ် ရေကောင်းချောင်းမှ ကျေးရွာသား တစ်ချို့တစ်ဝက်မှာ ရွာပြန်သွားကြပြီဟု ၎င်းက ပြောကြားသည်။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ တပ်မတော်က စခန်းချထားတဲ့ ရွာတွေအကုန်လုံးက ပြန်လို့မရဘူး။ နောက်အဲဒီရွာနဲ့ ကပ်နေတဲ့ ရွာတွေကလည်း ပြန်လို့ မရသေးဘူး။ နောက်ဝေးတဲ့ ရွာတွေ ကျည်တစ်ကမ်းလောက်ရှိတဲ့ရွာတွေကလည်း စပါးတောင်ရိတ်လို့ မရသေးဘူး။ ဆိုတော့အဲဒီရွာတွေကို ပြန်သွားလို့ကို မရဘူး။ နောက် အခုကစစ်ကြောင်းနဲ့ လွတ်လွတ် ကျွတ်ကျွတ် ရှိတဲ့ရွာတွေ ပြန်လို့ရပေမယ့်လည်း အဲဒီရွာသားတွေက မပြန်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ စားဝတ်နေရေး အခက်အခဲရှိတယ်။ အိမ်တွေကို ပြင်ရမှာ ရှိတယ်။ ရွာပတ်ဝန်းကျင်မှာ မိုင်းရှိတယ်” ဟု ပြောဆိုသည်။

ထိုကဲသို့တပ်မတော်စစ်ကြောင်းများ ရွာထဲတွင် တပ်စွဲထားခြင်းမှာ ဥပဒေနှင့် မညီ၍ တရား ဥပဒေ နည်းလမ်းအရ ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း ၎င်းက ပြောကြားသည်။

“ ဒီမြန်မာနိုင်ငံမှာရှိတဲ့ ဥပဒေနဲ့ရော၊ နိုင်ငံတကာ ကွန်ဘန်းရှင်းတွေရော ဒါက မကိုက်ညီဘူး။ ပြည်သူ့ အဆောက်အအုံတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ကျေးရွာတွေမှာက ဘယ်လက်နက်ကိုင် အဖွဲ့မှ နေရလို့ မရဘူးလေ။ ဥပဒေက ရှိပြီးသားဘဲ။ အဲဒါအတွက်လည်း ကြိုးစားနေတယ်။ အခုက ရက္ခိုင့်တပ်တော်နဲ့ တပ်မတော်နဲ့ ဆက်ဆံရေး နည်းနည်းကောင်းနေတဲ့ အတွက် အခြေအနေကြည့်နေတယ်။ အဲ ဒါတရားဝင် လုပ်ဖို့။ စစ်ကြောင်းတွေ ရွာပြင်ထွက်အောင်၊ လက်နက်ကိုင် တပ်ဖွဲ့တွေက ရွာထဲမှာ မရှိအောင်၊ အဲဒါက ကြိုးစားနေတယ်။ အခြေအနေကြည့်နေတယ်” ဟု ဦးခင်မောင်လတ်က ပြောဆိုသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကလည်း ဘူးသီးတောင် မြို့နယ်မှ စစ်ဘေးရှောင် တစ်သောင်းကျော်တွင် အများစု ရွာကို မပြန်နိုင်ကြဘဲ စစ်ဘေးရှောင် စခန်းများတွင် ဆက်လက်ရှိနေထိုင်လျက်ရှိနေကြောင်း၊ ပြန်သူတချို့ရှိသော်လည်း နေအိမ်များကို သွားကြည့်ပြီး ပြန်လာကြကြောင်း ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ဘက်က သဘောထားကို သိရှိလိုသဖြင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းသို့ ယနေ့နံနက် ၁ဝ နာရီ ၄၅ မိနစ်ခန့်က ဖုန်းဖြင့်ဆက်သွယ်ရာဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပါ။

ဆက်စပ် သတင်းများ