ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရခိုင်စစ်ဘေးရှောင်များအတွက် နိုင်ငံတော်မှထောက်ပံ့ငွေကျပ်၃ဒဿမ ၇၃၉ ဘီလီယံကျော်အောက်ခြေကို ရောက်/မရောက်စစ်ဆေးသင့်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 10.7k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၇/ ၂ဝ၂ဝ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီဇင်ဘာ ၁၅ ရက်နေ့က ကျရောက်သည့် (၄၆)နှစ်မြောက် ရခိုင်ပြည်နယ် နေ့တွင် ပေးပို့သည့်သဝဏ်လွှာတွင်  ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မောင်တော၊ မြောက်ဦး၊ ကျောက်ဖြူ စသည့် ခရိုင် လေးခုမှ စစ်ဘေးရှောင်များအတွက် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာလမှစ၍ ယခု ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလအထိ ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် ရိက္ခာများအား ငွေကျပ် ၃ ဒဿမ ၇၃၉ ဘီလီယံကျော် ထောက်ပံ့ပေးခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

၎င်းထောက်ပံ့ငွေမှာ အောက်ခြေသို့ ပြည့်စုံစွာ ရောက်/ မရောက်ကို အသေအချာစိစစ်သင့်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

“ အေးဒီ ထောက်ပံ့ငွေတွေ အောက်ခြေသို့ ရောက်/မရောက် တာဝန်ရှိလူကြီးအနေနနဲ့  သေချာ ပြန်စစ်ပေးဖို့ လိုတာပေါ့နော်။ အောက်ခြေကို မရောက်ဘူး။ ကိန်းဂဏန်းအတိအကျမသိရပေမယ့် ပြည့်ပြည့်စုံစုံမရောက်ဘူး။ ဒါကို စိစစ်ပေးဖို့ လိုတာပေါ့နော်။ ထောက်ပံ့ငွေများအား အလွဲ သုံးစားလုပ်ခဲ့လျှင်လည်း အရေးယူပေးဖို့ လိုအပ်တယ်ပေါ့နော်” ဟု သူက ဆက်ပြောသည်။
၎င်းငွေများကို ထောက်ပံ့ပေးသည်ဟုဆိုသော်လည်း အောက်ခြေရောက်အောင်ထိ စနစ်တကျ ပေးဆောင်ရန် လိုအပ်သည်ဟုဆိုသည်။

 “ တော်တော်များများတော့ ဟိုကဖြတ်၊ ဒီကဖြတ်နဲ့ တကယ့်စစ်ဘေးရှောင်စခန်းတွေကို မရောက်ဘူးပေါ့နော်။ အဲဒီငွေတွေကို ထောက်ပံ့ပေးလိုက်တယ်ဆိုပေမယ့် မရဘူးပေါ့နော်။ တကယ့်ကို အောက်ခြေမှာ သေသေချာချာ ထိထိရောက်ရောက်ဖြစ်အောင်ပေးဖို့ ပေးတဲ့ပုံစံက သေချာဖို့လိုတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များအား အစိုးရက ထိထိရောက်ရောက်ကူညီပေးမှု မရှိသေးဘဲ အရပ်ဖက် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ အဖွဲ့အစည်းများ၏ အကူအညီများကိုသာ အဓိက မှီခိုနေရခြင်းဖြစ်ကြောင်း ရသေ့တောင်မြို့မှ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် ကိုကျော်မင်းခိုင်က ပြောသည်။

“ထိထိရောက်ရောက် ပေးတာဆိုလို့ မတွေ့ရသေးဘူး။ အများအားဖြင့် အရပ်ဖက် အဖွဲ့ အစည်းတွေက ကူညီပေးတာကိုပဲ အဓိက မှီခိုနေရတာဖြစ်တယ်။ အစိုးရက ထောက်ပံ့ပေးနေတဲ့ တစ်နေ့ ဆန် နို့ဆီဗူး နှစ်လုံးကိစ္စဟာဆိုရင်လည်း ပြည်သူလက်ထဲကို ၄ဝ ရာခိုင်နှုန်းအထိ မရောက်ဘူး။ အဲဒါကို ဘာကြောင့် ပြောရလဲဆိုတော့ အကျင့်ပျက်ခြစားမှုတွေ သိပ်များနေတယ်။ ပြည်သူတွေက အပြည့်အဝမရဘူး။ လူတစ်ယောက်က ဆန် နို့ဆီဗူး အလုံး ၆ဝ ရမယ်ဆိုရင် ဗူး ၄ဝ လောက်ပဲ ရတယ်။ လုံးဝမရတဲ့သူတွေလည်း ရှိသေးတယ်။ ဒါတွေက ကြည့်ခြင်းအားဖြင့် အစိုးရက သုံးစွဲပါတယ်ဆိုတဲ့ ငွေကြေးတွေကို အစိုးရအနေနဲ့ ပြည်သူလက်ထဲကို ရောက်/မရောက် ပြန်ဆန်းစစ်ဖို့လိုပါတယ် ” ဟု နိရဥ္စရာသို့ ပြောသည်။

မြောက်ဦးမြို့နယ်မှ လူဦးရေ ၂၃၆၄ ဦးရှိသည့် ပီပင်ရင်းစစ်ဘေးရှောင်စခန်းတွင်လည်း အစိုးရမှ ဆန်တစ်ခု ကိုသာထောက်ပံ့ပေးပြီး၊ ယင်းထောက်ပံ့သည့် ဆန်မှာလည်း လစဉ်ပုံမှန် မရကြောင်း ယင်းခစန်းမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးဖြစ်သည့် ဒေါ်သိန်းမယေက ပြောသည်။

“အစိုးရက လူတစ်ယောက်ကို တစ်လမှာ ဆန်တစ်တောင်း (၆ ပြည်) စီ ထောက်ပံ့ပါတယ်။ အဲဒါလည်း ကြားက ပြတ်တဲ့အခါ ပြတ်ပါတယ်။ အဲဒီလိုပြတ်သွားတဲ့အခါတွေကဆိုရင် ထမင်းငတ်လုလုနီးပါးဖြစ်သွားတယ်။ အစိုးရက ဆန်အပြင် တခြားထောက်ပံ့တာ မရှိဘူး။ တခြားအဖွဲ့အစည်းတွေက တစ်ခြားအသုံးအဆောင်တွေကို  ထောက်ပံ့တာတွေတော့ ရှိတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

စစ်ဘေးရှောင်များအား ထောက်ပံ့သည့် အဆိုပါ ငွေကျပ် ၃ဒဿမ ၇၃၉ ဘီလီယံကျော်၏ ဘတ်ဂျက်ငွေများဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှတစ်ဆင့် ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များအား ထောက်ပံ့ပေးခဲ့ကြောင်း ပြည်ထောင်စု ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာ ဘေး/စီ/မံ မှ တာဝန်ခံ ဒေါ်သန်းသန်းဝင်းက ပြောသည်။

“အဲဒီငွေတွေက အကုန်လုံး ကျွန်မတို့က လုပ်ပေးရပါတယ်။ ကျွန်မတို့ဆီက ပို့တဲ့ ဥစ္စာနဲ့ပဲ သူတို့ ဖြေရှင်း နေတာလေ” ဟု နိရဥ္စရာသို့ ပြောသည်။

စခန်းအများပြားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ထောက်ပံ့သော ရိက္ခာများကို ရရှိကြသော်လည်း ပုံမှန် မရရှိကြသည့် စခန်းအများရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ယခုလက်ရှိ အပစ်အခတ်ရပ်စဲနေသည့်ကာလအတွင်း မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တို့မှ စစ်ဘေးရှောင် ခြောက်သောင်းကျော်မှာ နေရပ်သို့ ယာယီပြန်လျှက်ရှိကြကြောင်း သိရသည်။

ယင်းသို့ နေရပ်သို့ ပြန်သွားကြသဖြင့် လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် စုစုပေါင်း လူဦးရေ ၁၉၄ဝ၉၄ ဦးရှိကြောင်း ဒီဇင်ဘာ ၃ ရက်နေ့က ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ် သတင်းများ