ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

လူကယ်ပြန်မှ ထောက်ပံ့ဆန်နောက်ကျသည့်အပြင် ပုံမှန်မရ၍ ရခိုင်စစ်ဘေးရှောင်စခန်းအများအပြားအခက်ကြုံနေရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.2k

ဇွဲဓန (ကိန်းသာမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၅ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်ဘေးရှောင်စခန်းအများစုတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆန်ထောက်ပံ့မှု နောက်ကျသည့် အပြင် ပုံမှန်ထောက်ပံ့မှု မရှိ၍ စားဝတ်နေရေး အခက်ကြုံ နေရကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများမှ သတင်းရရှိသည်။

လူကယ်ပြန်မှ ဆန်ထောက်ပံ့မှုမှာ သတ်မှတ်ထားသော ရက်များထက် ကျော်လွန်နေသဖြင့် လူဦးရေ (၄၁၄၄) ရှိသည့် ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစခန်းမှ စစ်ဘေးရှောင်များ စားဝတ်နေရေး အခက်ကြုံ နေရကြောင်း စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်က နိရဥ္စရာသို့ ပြောသည်။

 ̏ ဆန်ထောက်ပ့ံမှုကတော့ နောက်ကျပါတယ်။ သတ်မှတ်ထားတဲ့ ရက်တွေထက် လွန်သွားတာရှိတယ်။ တစ်ခါ တစ်ခါကျရင် လနဲ့ချီပြီး ကျော်လွန်သွားတာရှိတယ်။ ဒီလိုပြတ်တောက်သွားတဲ့ အချိန်မှာ စားရေး သောက်ရေး အခက်ခဲရှိတယ်။ အခက်ခဲရှိပေမယ့် ဖြစ်သလို ရုန်းကန်ရှာဖွေစားသောက်ကြရပါတယ်”ဟု ပြောသည်။  

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် လူကယ်ပြန်မှ တစ်နေ့ ဆန်နို့ဆီ ၂ ဗူး၊ ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ (WFP) မှ တစ်ရက်လူတစ်ယောက် ၅ဝဝ ကျပ်နှုန်းဖြင့် တစ်လ တစ်သောင်းခွဲစီထောက်ပံ့သည်ဟု သိရသည်။

“ အဓိက နောက်ကျရတဲ့ အကြောင်းရင်းတော့ စစ်ဘေးရှောင်တွေနဲ့ပတ်သက်လို့ အထက်ကို ဆွေးနွေး တင်ပြရတယ်။ ဆွေးနွေးပြီး ဆန်ထောက်ပံ့ရေးအတွက် ညွှန်ချုပ်ထိ တင်ရတယ်လို့ သူတို့ ကပြောတယ်။ အဲဒါကြောင့် အချိန်ကြန့်ကြာပြီး ရက်တွေလွန်သွားတာရှိတယ်လို့ပြောပါတယ် ̋ ဟု ၎င်းကပြောသည်။

လူကယ်ပြန်မှ ဆန်ထောက်ပံ့မှု နောက်ကျသဖြင့် စစ်ဘေးရှောင်များ စားရေးသောက်ရေး အခက်ကြုံနေရ၍ သတ်မှတ်ထားသော ရက်များအတိုင်းဆန်များကို အရောက်ဖြန့်ဖြူးစေလိုသည်ဟု လူဦးရေ ၃ဝဝဝ ကျော် ရှိသည့် မြောက်ဦးမြို့နယ်၊ တိန်ညို စစ်ဘေးရှောင်စခန်းကော်မတီဝင် ဦးဦးစိုးနိုင်က ပြောသည်။

̏ လူကယ်ပြန်မှ ဆန်ထောက်ပံ့မှု နောက်ကျတာတွေ ရှိတယ်။ သတ်မှတ်ထားတဲ့ ရက်ထက် တစ်ပတ် ဆယ်ရက် လောက်ကြာတယ်။ ဒီလိုနောက်ကျဆိုတော့ စခန်းမှာ ရှိနေတဲ့သူတွေအတွက် စားရေးသောက်ရေး အခက်ခဲ ရှိတယ်။ ကျနော်တို့က သတ်မှတ်ထားတဲ့ ရက်အတိုင်း ရောက်စေချင်တယ်။ အခုက ဆန်အလှူရှင် တွေလည်း မရောက်ဘူး။ အခုဆောင်းရာသီဆိုတော့ စောင်တွေ၊ အနွေးထည်တွေ လာလှူတဲ့ အလှူရှင်တွေ ရောက်တယ်။ ပြီးတော့ လက်သန့်ဆေးဘူးတွေကို အဖွဲ့အစည်းများက လာလှူကြတယ် ̋ ဟုပြောသည်။

လူဦးရေ ၁၇ဝဝ ခန့်ရှိသည့်  မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ စစ်ဘေးရှောင်စခန်းတွင် ၂ဝ၁၉ ခုနှစ် အတွင်းက လေးလခန့် ဆန်ထောက်ပံ့မှု ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ထောက်ပံ့မှုမရရှိသဖြင့် အခက်အခဲကြုံနေရကြောင်း စခန်းတာဝန်ခံ ဦးမောင်အေးသာက ပြောသည်။

̏ ၂ဝ၁၉ ခုနှစ် ၁၁ လပိုင်းလောက်က ဒီစခန်းကိုစပြီး လုပ်တာ။ အဲဒီတုန်းက လေးလလောက် ဆန်ထောက်ပံ့မှု ရှိခဲ့တယ်။ ဒီနှစ် ၂ဝ၂ဝ၊  ၈လပိုင်းကနေ အထောက်အပံ့ မရောက်တာ ဒီကနေ့ထိပဲ။ ထောက်ပံ့မှုတွေ မရှိ ဆိုတော့ ကျနော်တို့က အလှူငွေတွေကောက်ခံပြီး ရသလောက်ငွေနဲ့ မျှပြီးပေးထားရတယ်။ လူဦးရေကများ ဆိုတော့ လုံလောက်မှုမရှိဘူး။ စားရေးသောက်ရေးနဲ့ အခက်ခဲကြုံရတာရှိတယ်။ ပြီးတော့ အခုက အရပ်ဘက် အဖွဲ့အစည်းတွေကလည်း ကူညီထောက်ပံ့တာနည်းဆိုတော့ အခက်ခဲဖြစ်တာပေါ့ ̋ ဟုပြောသည်။

လူဦးရေ ၄ဝဝ ကျော်ရှိသည့် မြေပုံမြို့နယ်၊ စညင်းစစ်ဘေးရှောင်စခန်းတွင်လည်း ဆန်ထောက်ပံ့မှု မရရှိသဖြင့် မကြာခဏ အခက်ခဲများစွာရှိကြောင်း စညင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဆရာတော် အရှင် အာစာရက မိန့်ကြားသည်။

̏ ဦးဇင်းတို့ စခန်းကို လူကယ်ပြန်မှ ဆန်ထောက်ပံ့တာမရှိဘူး။ ဒီစခန်းက စစ်ဘေးရှောင်ဦးရေကို အစိုးရဆီမှာ တင်ထားတာရှိတယ်။ တင်ထားတာက တစ်နှစ်ကျော်ပြီ ကျမလာဘူး။ တစ်ခြားအဖွဲ့အစည်းတွေကလည်း ဦးဇင်းတို့ စခန်းကိုမရောက်ဘူး။ ဒီလိုထောက်ပံ့မှုတွေလည်းမရ တစ်ခြားအဖွဲ့အစည်းတွေကလည်း လှူဒါန်းဖို့ မရောက်ဆိုတော့ အခက်ခဲကအများကြီးဖြစ်တယ်။ ပြီးတော့ ဆန်ပြတ်တောက်မှုတွေ ခဏခဏ ကြုံရတယ်။ အခုလည်း ဆန်အိတ်တွေ မရှိတော့ဘူး ̋ ဟုပြောသည်။

လူဦးရေ ၂ဝဝဝ ခန့်ရှိသည့် ရသေ့တောင်မြို့နယ်၊ စေတီပြင်စစ်ဘေးရှောင်စခန်းတွင်လည်း လူကယ်ပြန်မှ ဆန်ထောက်ပံ့မှု မရရှိသည်မှာ နှစ်လခန့် အခက်အခဲများ ရှိနေသဖြင့် နောက်လများတွင် ပုံမှန် ထောက်ပံ့ ပေးစေလိုကြောင်း စစ်ဘေးရှောင်ကော်မတီဝင် ဦးဦးထွန်းမြင့်က ပြောသည်။

̏ ကျနော်တို့ စစ်ရှောင်စခန်းကို လူကယ်ပြန်မှ ဆန်ထောက်ပံ့မှု မရောက်တာ နှစ်လရှိပြီ။ အခြားအဖွဲ့အစည်း တွေက လှူထားတာ ဆန်အနည်းငယ်ရှိနေတယ်။  အခုရှိတဲ့ ဆန်တွေကုန်သွားရင် အခက်ခဲဖြစ်မှာ စိုးရိမ် တာတွေရှိတယ်။ ဒီစစ်ရှောင်စခန်းမှာ အခုလကုန်ရင် ဆန်ပြတ်သွားမှာဖြစ်တယ်။ ဒါကြောင့် နောက်ထပ် လာမယ့် လတွေမှာ ဆန်ထောက်ပံ့မှု ရောက်စေချင်တယ် ̋ ဟုပြောသည်။

ဘူးသီးတောင်မြို့နယ် စေတီတောင် စစ်ဘေးရှောင်စခန်းတွင် လူကယ်ပြန်မှ ဆန် (၂) လတိတိ ပြတ်နေခဲ့ပြီး ယခုလ ၂ဝ ရက်နေ့ကမှ ပြန်လည် ထောက်ပံ့မှုရရှိခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းက ပြောဆိုသည်။

“ လူကယ်ပြန်က ဆန်က အောက်တိုဘာနဲ့ နိုဝင်ဘာ ၂ လပြတ်နေခဲ့တယ်။ ဒီလ ၂ဝ ရက်နေ့ကမှ ပြန်ရတာ။ အခု စေတီတောင်စစခန်းမှာ မိသားစု ၃ဝဝ ကျော်၊ လူဦးရေ ၁၅ဝဝ ကျော်ရှိပါတယ်။ ပုံမှန် ထောက်ပံ့မှုတော့ ဖြစ်စေချင်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီးဦးဝင်းမြင့်အား ယမန်နေ့ နိရဥ္စရာမှ ဖုန်းဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

အလားတူ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံ ဦးဝင်းဇော်ဌေး၊ ဦးစီမှူး ဦးရဲမင်းဦးတို့အား ဆက်သွယ်ခဲ့ရာတွင်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့သဖြင့် အစိုးရဘက်မှ သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

ယခုလက်ရှိ ရခိုင်ပြည်နယ်၌ စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ဦးရေပေါင်း ၁၉၄ဝ၉၄ ရှိ၍ ရခိုင် တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး (REC) ထံမှတဆင့် သိရှိရသည်။

ဆက်စပ် သတင်းများ