ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦး စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ လူငယ် ၁၀ကျော်ရှင်ပြုမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 7.1k

ချစ်အိလှိုင်

နိရဉ္စရာ၊ မတ် ၂/ ၂ဝ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ၊ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ လူငယ်(၁၃) ဦးကို စခန်းတာဝန်ရှိသူများက လာမည့် မတ်လ ၆ ရက်နေ့တွင် ရှင်ပြုမင်္ဂလာပြုလုပ်ပေးမည်ဟု သတင်းရရှိသည်။

လူဦးရေ လေးထောင်ခန့်ရှိသည့် ၄င်းစင်းဘောကိုင်းစစ်ဘေးရှောင်စခန်းရှိ ရှင်မပြုရသေးသည့် မိသားစုများမှ လူငယ်များအား ရှင်ပြုပေးရန် လာရောက်အပ်နှံကြသဖြင့် ယခုကဲ့သို့ ရှင်ပြုပွဲပြုလုပ်ပေးခြင်းဖြစ်ကြောင်း အဆိုပါစခန်းတာဝန်ခံ ဦးဇင်းအာရက္ခက မိန့်သည်။

ကိုယ်တော်တို့က စစ်ဘေးရှောင်စခန်းမှာနေတဲ့ မရှိဆင်းရဲနွမ်းပါးသူတွေကို ဦးစားပေးပြီး ရှင်ပြုပေးတာပါ။ အကုန်ရှင်လောင်းတွေပါ။ ရဟန်းမပါပါဘူးဟုပြောသည်။

မောင်ရှင်လောင်းများ၏ မိခင်၊ ဖခင်များကလည်း ၄င်းတို့အနေဖြင့်ရှင်ပြုပေးရန် မတက်နိုင်သည့် အခြေအနေတွင်ရောက်နေသည့်အတွက် စစ်ဘေးရှောင်စခန်းမှ စုပေါင်း ပြုလုပ်ပေးကြခြင်းအပေါ် ကျေးဇူးတင်မဆုံးဖြစ်ကြရကြောင်း မြောက်ဦးမြို့နယ် မော်ရွာသစ်မှ စစ်ဘေးရှောင်လာသူ မောင်ရင်လောင်း မောင်နိုင်သန်းစိုး(၁၉)နှစ်၏ ဖခင် ဦးသိန်းလွင်က ပြောသည်။

ကျွန်တော်တို့မှာ ဒီလောက်ဆင်းရဲနေတာ။ ကိုယ်တိုင်ရှင်မပြုပေးနိုင်ပါဘူး။ အခုလိုစခန်းက တာဝန်ရှိသူတွေဦးဆောင်ပြီး ရှင်ပြုပေးမည်ဆိုတော့ ဝမ်းသာမဆုံးဖြစ်ရပါတယ်။ ကျေးဇူးလည်း တင်ပါတယ်ဟုပြောသည်။

၄င်းရှင်ပြုပွဲကို လာမည့် မတ်လ(၅) ရက်နေ့ မဏ္ဍပ်ဝင်၊  (၆) ရက်နေ့တွင် ဆံချမင်္ဂလာပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် မြောက်ဦးမြို့နယ်၊ ကျောက်တော်၊ မင်းပြားမြို့နယ်တို့မှ စစ်ဘေးရှောင်များ ခိုလှုံလျက်ရှိကြောင်းသိရသည်။

ဆက်စပ် သတင်းများ