ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ကျေးရွာများအနီး တပ်စခန်းချထားမှုများသလို မြေမြှုပ်မိုင်းများလည်းအနီးဝန်းကျင်တွင်ရှိနေနိုင်သဖြင့် စစ်ဘေးရှောင်အများစုနေရပ်သို့ မပြန်ရဲသေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 8.1k

ဇွဲဓန (ကိန်းသာမြေ)

နိရဉ္စရာ၊ မတ်လ ၁၁ /၂၀၂၁

ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့မှ ရုပ်သိမ်းလိုက်ပြီဖြစ်သော်လည်း စစ်ဘေးရှောင်တို့၏ မူလနေရပ် ကျေးရွာများအနီးတွင် လက်ရှိအချိန်ထိ တပ်စခန်းများချထားမှုနှင့် မြေမြှုပ်မိုင်းများလည်း  ကျေးရွာများ အနီးတွင် ရှိနေနိုင်သေးသဖြင့် စစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်များသို့ မပြန်ရဲသေးဘဲဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေထိုင်လျက်ရှိသည့် ကျောက်တော်မြို့နယ် သာစည် ကျေးရွာက ဒေါ်ဆန်းဆန်းဦးက ကျမတို့ ရွာရဲ့အထက် မျောက်တောင်ဆိုတဲ့ တောင်ပေါ်မှာ စစ်သားတွေ ရှိနေသေးတယ်။ အသွားအလာကိုလည်း သူတို့က ပိတ်ထားသေးတယ်။ ပြီးတော့ သူတို့နဲ့ တွေ့ပြီဆိုရင် မေးမြန်း စစ်ဆေးတာပဲ။ အဲဒါကြောင့် ကျမတို့က မပြန်ရဲသေးဘူး။ ဘာကြောင့်ဆိုတော့ အဓိက သူတို့ ရှိနေသေးလို့ ဖြစ်တယ်။  သူတို့ကို အဲဒီနေရာက ထွက်သွားစေချင်တယ်။ ဒါမှလည်း ကျမတို့က အေးချမ်းစွာနဲ့  ရွာကိုပြန်လို့ရမှာပါဟု ပြောသည်။

၄င်းတို့၏ရွာအနီးတွင် မြေမြှုပ်မိုင်းများနှင့် ယခုအချိန်ထိ တပ်စခန်းများရှိနေသေး၍ မိမိနေရပ်သို့ မပြန်ရဲသေးကြောင်း  ရသေ့တောင်မြို့နယ်၊ စေတီပြင်စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေထိုင်နေသည့် ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာက ဦးသိန်းဝင်းက ပြောသည်။

ကျနော်တို့ ရွာအနီးမှာ စစ်တပ်က စခန်း ချထားတယ်။ အခုထိ သူတို့ရှိနေသေးတယ်။ ကျနော်တို့ ရွာကိုပြန်လို့ရှိရင် ရွာအနီးတစ်ဝိုက်မှာ မြေမြှုပ် မိုင်းတွေလည်းရှိနိုင်တယ်။ အဲဒါကြောင့် ကျနော်တို့ ရွာကို မပြန်ရဲဘူး။ ရွာပြန်နေချင်ကြပါပြီဟု ပြောသည်။

 အဆိုပါကျေးရွာအနီး၌ တပ်စခန်းများရှိနေသေးသောကြောင့်၊ စစ်ဘေးရှောင်များ နေရပ်ပြန်ရန် အခက်ခဲရှိနေကြောင်း ညောင်ချောင်းစစ်ဘေးရှောင်စခန်း တာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။

  တင်းမကြီးနဲ့ ပြိုင်းတိုင်းရွာတို့ဆိုရင် အကုန်လုံး မီးရှို့ခံရတဲ့ ရွာတွေဖြစ်တယ်။ သူတို့မှာ အခက်ခဲတွေက အများကြီးပါပဲ။ တစ်ချို့ဆိုရင် ဘိုးဘွားစဉ်ဆက် ထိန်းသိမ်းလာတဲ့ ပစ္စည်းဥစ္စာ တွေလည်း ဆုံးရှုံးသွားတယ်။ ကိုယ်တန်ဖိုးထားတဲ့အရာတွေ ဆုံးရှုံးရပြီးဆိုရင် အကြီးမားဆုံးစိန်ခေါ်မှုက စိတ်ခံစားမှုဖြစ်ကြတာပဲ။ သူတို့ရဲ့နေရပ်ကို ပြန်ဖို့ကတော့ အခက်ခဲရှိတယ်လို့ ပြောကြတယ်။ စစ်ရှောင်တွေပြောတာက သူတို့ရဲ့ ကျေးရွာအနီးတစ်ဝိုက်မှာ စစ်သားတွေ ရှိနေသေးလို့ မပြန်ရဲသေးဘူးလို့ ပြောပါတယ်။ အခိုင်အမာ တပ်စွဲထားတာလို့လည်း ပြောတယ်။ အဲဒီနေရာတွေက စစ်သားတွေ ရွှေ့ပေးဖို့လိုတယ်။ နောက်ပြီးတော့ သူတို့နေရာကို အရင်လိုမျိုးပေါ့ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်ခွင့်ရဖို့လည်းလိုတယ် ဟု ပြောသည်။

 အဆိုပါစစ်ဘေးရှောင်တို့၏ ကျေးရွာအနီးပတ်ဝန်းတွင် မြေမြှုပ်မိုင်းများရှိနိုင်ကြောင်းနှင့် တပ်စခန်းများလည်း ယခုထိ ရှိနေသောကြောင်း ၄င်းတို့သည် မိမိနေရပ်သို့ မပြန်ရဲသေးကြောင်း မြောက်ဦးမြို့နယ် တိန်ညိုစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးစိုးနိုင်က ပြောသည်။

ပထမဆုံး ရွာအနီးမှာရှိတဲ့ မိုင်းတွေကို ရှင်းလင်းဖို့လိုအပ်တယ်။ မြေမြှုပ်မိုင်းတွေ မရှိနိုင်ဘူးလို့ ပြောလို့မရဘူး။ ပြီတော့ တပ်စခန်းတွေလည်း အခုထိ ရှိနေသေးတယ်။ အဲဒါကြောင့် သူတို့က နေရပ်ကို မပြန်ရဲသေးဘူးလို့ ပြောကြတယ်။ တကယ်လို့ သူတို့ပြန်သွားရင် တိုက်ပွဲတွေ ပြန်ဖြစ်လာရင် သူတို့အတွက် တကယ့်အခက်ခဲဖြစ်ပြီပေါ့။ ပြန်လို့ ဒီနေရာကိုလာဖို့အတွက် ဒုက္ခရောက်မှာဖြစ်တယ်။ သူတို့ပြန်သွားတာနဲ့ ကျနော်တို့ တည်ဆောက်ထားတဲ့ ဒီစခန်းကိုလည်း ပျက်သိမ်းရမှာဖြစ်တယ်။ အဲဒါကြောင့် သူတို့က မပြန်ရဲသေးဘူးလို့ပြောကြတယ်။ သူတို့မှာ အရင်က လုပ်ခဲ့တဲ့ စီးပွားရေးတွေလည်း အကုန်လုံးက ပျက်စီးကုန်ပြီ။ လောလောဆယ်မှာ အိမ်တွေက အကုန်လုံးပျက်စီးနေတာတွေကို ကြားသိရတယ်။ ဒါတွေကို အရင်ဆုံးပြင်ဆင်ဖို့လိုတယ်။ သူတို့၏ စားရေးသောက်ရေးအတွက်လည်း လိုအပ်တာတွေ ရှိနေသေးတယ် ဟု ပြောသည်။

 စစ်ရှောင်တို့၏ ကျေးရွာအနီးတွင် တပ်စခန်းများရှိနေမှုနှင့် မြေမြှုပ်မိုင်းများရှိနိုင်မည်ဟုပြောဆိုကြောင့်၊ ၄င်းတို့က မိမိနေရပ်ကို မပြန်ဝ့ံသေးကြောင်း ဘူးသီးတောင်မြို့ ရန်အောင်မြေစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးဝင်းမောင်က ပြောသည်။

 ကျနော်တို့က ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ချင်တယ်။ အခုက မပြန်ရဲဖြစ်နေတယ်။ ဘာကြောင့်ဆိုတော့ ကျနော်တို့ ရွာအနီးမှာ စစ်တပ်က တပ်စခန်းချထားတယ်။ မိုင်းတွေလည်း ရှိနိုင်တယ်။ ပြန်ဖို့အတွက်လည်း ကျနော်တို့အပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု ယူနိုင်ဖို့အဖွဲ့ လိုအပ်တယ် ဟု ပြောသည်။

ကျေးရွာအနီး၌ တပ်စခန်းများတည်ရှိနေမှုကြောင်းနှင့် စစ်ဘေးရှောင်များ နေရပ်ကို မပြန်ရဲသေးကြောင်း မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ စစ်ဘေးရှောင်စခန်း အတွင်းရေးမှူး ဦးဝင်းလှအောင်က ပြောသည်။

 သူတို့က တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်မလား အခြေနေကို စောင့်ကြည့်နေကြတယ်။ ပြီးတော့ သူတို့ရဲ့ ရွာအနီးတွေမှာ တပ်စခန်းတွေ ရှိနေသေးတယ်လို့ ပြောကြတယ်။ နောက်ထပ် မြေမြှုပ်မိုင်းတွေလည်း ရှိနိုင်တယ်လို့ ပြောကြတယ်။ အဲဒီမိုင်းတွေ ပေါက်ကွဲမှာကို စိုးရိမ်ပြီး နေရပ်ကို မပြန်ရဲသေးဘူးလို့ သူတို့က ပြောတာပေါ့။ ဟု ပြောသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းကို ပြီးခဲ့သည် ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းက တည်ဆောက်ခဲ့ခြင်း ညဖြစ်သည်။ အဆိုပါစခန်းတွင် ကျောက်တော်မြို့နယ်မှ ကျေးရွာ ၂၀၊ မြောက်ဦးမြို့နယ်မှ ကျေးရွာ ၁ နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ကျေးရွာ ၅ ရွာတို့မှ စစ်ဘေးရှောင်ဦးရေ ၃၄၁၃ ဦးနှင့် အိမ်ထောင်စု ၈၂၄ စု ရှိကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်၊ စေတီပြင်စစ်ဘေးရှောင်စခန်းကို ၂၀၁၉ ခုနှစ်၊ မတ်လ အတွင်းက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစခန်းတွင်  စစ်ဘေးရှောင်လူဦးရေ ၁၅၂၁ ဦးနှင့် အိမ်ထောင်စု ၃၇၁ စု ရှိကြောင်း သိရသည်။

မြောက်ဦးမြို့နယ်၊ တိန်ညိုစစ်ဘေးရှောင်စခန်းကို ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစခန်း၌ မြောက်ဦးမြို့နယ်မှ ကျေးရွာပေါင်း ၁၃ ရွာတို့မှ စစ်ဘေးရှောင်ဦးရေ ၃၃၅၅ ဦးနှင့် အိမ်ထာင်စု ၈၇၅ စု ရှိ၍ အမျိုးသားဦးရေ ၁၅၀၁ ဦးနှင့် အမျိုးသမီးဦးရေ ၁၈၅၄ ဦးတို့ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့၊ ရန်အောင်မြေစစ်ဘေးရှောင်စခန်းကိုပြီးခဲ့သည် ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစခန်းတွင် ဘူးသီးတောင်မြို့နယ်မှ ကျေးရွာ ၁၇ ရွာ၊ ရသေ့တောင်မြို့နယ်မှ ကျေးရွာ ၂ ရွာတို့မှ စစ်ဘေးရှောင်ဦးရေ ၇၉၇ ဦးနှင့် အိမ်ထောင်စု ၁၉၉ စု ရှိသည်။ ၄င်းတွင် အမျိုးသားဦးရေ ၃၂၆ ဦးနှင့် အမျိုးသမီး ၄၇၃ ဦး ရှိကြောင်း သိရသည်။

မြေပုံမြို့နယ်၊ ကမ်းထောင့်ကြီးမြို့စစ်ဘေးရှောင်စခန်းကို ၂၀၁၈ ခုနှစ်၊ မေလ အတွင်းက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၄င်းစခန်းတွင် မြေပုံမြို့နယ်မှ  ကျေးရွာ ၇ ရွာ၊ အမ်းမြို့နယ်မှ ကျေးရွာ ၁၉  ရွာတို့မှ စစ်ဘေးရှောင်ဦးရေ ၁၃၈၇ ဦးရေနှင့် အိမ်ထောင်စု ၃၄၀ စု ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ၂ နှစ်ကျော်အကြာ တိုက်ပွဲကာအတွင်း မြေမြှုပ်မိုင်းနှင့် စစ်လက်နက်အကြွင်း အကျန်ပစ္စည်းများ ပေါက်ကွဲ၍ လူပေါင်း ၃၄၃ သေဆုံးခဲ့ရပြီး လူပါင်း ၇၈၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင် နှစ်သိန်းနီးပါးခန့် ရှိနေပြီး အများစုမှာ စစ်ကျန်လက်နက်ပစ္စည်းများနှင့် မြေမြှုပ်မိုင်း အန္တရာယ်ကို စိုးရိမ်ပြီး နေရပ် မပြန်နိုင်ကြောင်းသိရသည်။  

ဆက်စပ် သတင်းများ