ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တိုက်ပွဲများအတွင်း ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်များကို ပြည်နယ်ပစကကောင်စီနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုတို့က ထောက်ပံ့ကူညီပေးမည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 3k

ဆောင်းဇာခြည်

နိရဉ္စရာ၊ မတ်လ ၁၃/ ၂၀၂၁

 

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ၂ နှစ်တာကာလ  တိုက်ပွဲများ အတွင်း ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်များအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ (ပစက) နှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုတို့က ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက ပြောသည်။

 

ထိုသို့ ကူညီရန် အတွက် လက်ရှိအချိန်တွင် ထိခိုက်ပျက်စီးသွားသည့် နေအိမ်များ စာရင်းကို ကောက်ယူနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုတွေက ကူညီ ထောက်ပံ့ပေးသွားမှာပါ။ တစ်ပြည်လုံးက စာရင်းကိုကောက်နေတာ။ အခုလောလောဆယ်တော့ နှစ်ရွာတည်းက စာရင်းပဲ ရသေးတယ်။ ဖြည်းဖြည်းချင်းကောက်သွားမယ် ဟု ပြောသည်။

 

လက်ရှိတွင် ရသေ့တောင်မြို့နယ်၊ ရွှေလောင်းတင်နှင့် ကံပြင်ကျေးရွာမှ ပျက်စီးအိမ်ခြေစာရင်း ကောက်ယူထားပြီ ဖြစ်ကြောင်း သိရသည်။

 

အဲဒီကျေးရွာ ပျက်စီးအိမ်ခြေစာရင်းကို ကောက်ယူထားပြီ ဖြစ်တယ်။ စုစုပေါင်း ၄၀ လုံး ရရှိထားတယ် ဟု သူက ပြောသည်။

 

ယင်းအိမ်အလုံး ၄၀ ထဲမှ နေအိမ် ၄ လုံးမှာ ဆိုးရွားစွာ ပျက်စီးသွား၍ ထိုနေအိမ် ၄ လုံးအတွက် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးခြင်းအပြင် လိုအပ်သည့် ငွေပမာဏကိုလည်း ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

 

အဲဒီပျက်စီးအိမ်ခြေတွေကို အိမ်ဆောက်ပစ္စည်းတွေအပါအဝင် လူအသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့ကူညီသွားမယ်။ သူတို့ ရွာမှ အခြေတစိုက်ကျပြီးမှ သူတို့ရဲ့ လိုအပ်ချက်တွေကို မေးပြီးတော့ ငါးဖမ်းပိုက်လိုရင် ငါးဖမ်းပိုက် အဲဒီလို သက်မွေးဝမ်းကျောင်းပြုဖို့ သူတို့ရဲ့ လိုအပ်ချက်တွေကို မေးပြီးတော့ တတ်နိုင်သလောက် ကူညီပံ့ပိုးသွားမှာပါဟု ဦးသန်းထွန်းက ဆက်ပြောသည်။

 

ပျက်စီးသွားသည့် နေအိမ်များကို အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေးခြင်းအပြင် သက်မွေး ဝမ်းကျောင်း လုပ်ငန်းများအတွက်  လိုအပ်သည်များကို ကူညီပေးလျှင် ပိုပြီး ကောင်းမွန်မည် ဖြစ်ကြောင်း ရသေ့တောင်မြို့နယ်၊ ရွှေလောင်းတင်ကျေးရွာမှ တိုက်ပွဲအတွင်း နေအိမ်ပျက်စီးသွားသည့် အိမ်ပိုင်ရှင် ဦးမောင်စံရွှေက ပြောသည်။

 

ကျွန်တော့်မှာအိမ်က တိုက်ပွဲအတွင်းမှာ ခေါင်မိုးတွေကို သေနတ်ကျည်ကျပြီး ပေါက်သွားတယ်။ နံရံတွေကိုလည်း အကုန်လုံး ကျည်လာကျလို့ ပေါက်သွားတယ်။ အခုလို ထောက်ပံ့ပေးမယ်ဆိုတော့ ကောင်းတာပေါ့။ ဒါအပြင် တိုက်ပွဲကာလအတွင်း တစ်ရွာလုံးက ထွက်ပြေးရတဲ့အတွက် အလုပ် လက်မဲ့တွေလည်း ဖြစ်သွားတယ်။ အဲဒါကို သက်မွေးဝမ်းကျောင်းပြန်ထူထောင်ဖို့ လိုအပ်တာတွေ ထောက်ပံ့ပေးရင် ပိုပြီးတော့ ကောင်းတာပေါ့ ဟု ပြောသည်။

 

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်တာကာလအတွင်း မီးလောင်ဆုံးရှုံးသွားသည့်နေအိမ်နှင့် လက်နက်ကျည်ကျ၍ ပျက်စီးသွားသည့်နေအိမ်အလုံးပေါင်း နှစ်ထောင်ခန့်ရှိကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။

ဆက်စပ် သတင်းများ