အင်္ဂါ၊ ဇူလိုင်လ ၂ရက်၊ ၂၀၂၄

ရက္ခိုင့်တပ်တော်မှ ပေါက်တောမြို့ကိုသိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.5k

ရက္ခိုင့်တပ်တော်က သိမ်းပိုက် ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို ယနေ့ နံနက် ၉ နာရီ ၄၆ မိနစ်အချိန်ခန့်တွင် စစ်ကောင်စီမှ ရဟတ်ယာဉ်နဲ့  လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောကြသည်။

“လာပြီးတော့ ဗုံးကြဲနေပါတယ်။ ထွက်ကြည့်လို့လည်း မရဘူး။အသံကတော့ ၄ ခေါက်ကြားပါပြီ။ တရောင်းရောင်းနဲ့လည်း ပစ်သံကြားတယ်။ ဘယ်မှာကျလဲ မသိဘူး။ ကျနော်တို့လည်း လုံခြုံတဲ့နေရာမှာ ဝင်ပုန်းနေကြပါတယ်” ဟု ယနေ့ နံနက် ၁၀ နာရီ ၆ မိနစ်အချိန်က ပေါက်‌‌တောမြို့ခံ တစ်ဦးကပြောသည်။

စစ်ကောင်စီမှ လာရောက်ဗုံးကြဲခဲ့သည့်အတွက်ကြောင့် လူအသေအပျောက်၊ အထိအခိုက်နှင့် မည်သည့်နေရာတွင် ဗုံးကျ‌ရောက် ပေါက်ကွဲသည်ဆိုသည်ကို လောလောဆယ် မသိရသေးကြောင်း သူကဆက်ပြောသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ မြို့မ​ရဲစခန်းအား ယမန်နေ့နိုဝင်ဘာလ ၁၅ ရက် ညဥ့်အချိန်က ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်သိမ်းပိုက်လိုက်ပြီ မြို့ကို ထိန်းချုပ်ခဲ့သည်။

အဆိုပါရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကို ကိုယ်တိုင်လာရောက်လက်နက်ချအလင်းဝင်ကြရန် AA က ဖုန်းနှင့်တကြိမ် ၊ စာနှင့်တကြိမ် ဆက်သွယ် အကြောင်းကြားသော်လည်း  အရာရှိနှစ်ဦးက လက်နက်ချ အလင်းဝင်ရန် ငြင်းဆန်သဖြင့် တပ်တော်က ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း  မြို့ခံတစ်ဦးက ပြောသည်။

" ULA က သူတို့ဆီမှာ ရဲစခန်းကလူတွေက လာပြီး လက်နက်ချ အလင်းဝင်ဖို့အကြောင်းကြားပါတယ်။ အဲဒါရဲတပ်ဖွဲ့ဝင်တွေအကုန်လုံးက ကိုယ်တိုင်အလင်းဝင်ကြတယ်။ ဗမာအမျိုးသားအရာရှိ နှစ်ယောက်က လက်နက်မချနိုင်ဘူးပြောပြီးငြင်းဆန်နေတယ်လို့ သိရတယ်။ အဲဒါကြောင့်  ညတွင်းကြီး စခန်းကို ဝင်သိမ်းလိုက်တာ" ဟု သူကပြောသည်။

စခန်းကို ညဥ့် ၁၂ နာရီအချိန်လောက်တွင်  ဝင်ရောက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း ပေါက်တောမြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါပေါက်တောမြို့မရဲစခန်းတွင် စခန်းမှူး၊အရာရှိအဆင့်အပါအဝင် ရဲတပ်ဖွဲ့ဝင်အင်အား ခန့်မှန်းခြေ ၃၀ နီးပါးရှိကြောင်း မြို့ခံများကပြောသည်။

ပေါက်တောမြို့မရဲစခန်းကို ဝင်ရောက်သိမ်းပိုက်ပြီးသည်နှင့် မြန်မာနိုင်ငံအလံကိုဖြုတ်ချပြီး ရက္ခိုင့်တပ်တော် (AA)စစ်သည်တော်များက စခန်းကိုထိန်းချုပ်ထားကြောင်း ပေါက်တောမြို့ခံတစ်ဦးက ပြောသည်။ (NN- 3 and 23)  

ပုံစာ- လာရောက်ပစ်ခတ်နေသည့် ရဟတ်ယာဉ်ကို မြင်တွေ့ရစဉ်။

ဆက်စပ် သတင်းများ