သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

အမ်းတွင် အထက်တန်းပြဆရာမတစ်ဦး ကျောင်းသွားစဉ် ဓားထိုးခံရ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 4.8k

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရူးစံပြကျေးရွာတွင် အထက်တန်းပြဆရာမတစ်ဦးသည် ယနေ့မနက်ပိုင်းက ကျောင်းသို့သွားစဉ် ဓားထိုးခံရပြီး ဆေးရုံသို့အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။

ဓားထိုးခံထားရသူမှာ ရူးအထကကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်သန်းသန်းဌေး(၄၁)နှစ် ဖြစ်ကြောင်း သိရသည်။

ဆရာမသည် ယနေ့စက်တင်ဘာလ ၂၇ ရက်၊ မနက် ၉ နာရီခွဲခန့်က ကျောင်းသို့စာပြရန် စက်ဘီးဖြင့် သွားစဉ် ကွာရှင်းရန်စီစဉ်ထားသည့် အမျိုးသားဖြစ်သူက ဓားဖြင့်ထိုးသွားခြင်းဖြစ်ကြောင်း ရူးကျေးရွာသားတစ်ဦးက ပြောသည်။

"ဓားနဲ့ထိုးတာက သူနဲ့ကွာရှင်းဖို့စီစဉ်ထားတဲ့အမျိုးသားက ထိုးသွားတာပါ။ ဆရာမက ကျောင်းကိုစာပြဖို့ စက်ဘီးနဲ့ သွားတာပါ။ အဲဒါလမ်းခုလတ်ရွာထဲမှာပဲ စက်ဘီးကိုရပ်တာနဲ့ ထိုးသွားတာလို့သိရပါတယ်" ဟု ပြောသည်။

ဆရာမဒေါ်သန်းသန်းဌေးတွင် ရင်အုံအောက်ဘက် ထိုးသွင်းဒဏ်ရာ၊ ဆီးခုံအထက်ထိုးသွင်း ဒဏ်ရာအပါအဝင် ထိုးသွင်းဒဏ်ရာအများအပြားရရှိခဲ့ကြောင်း သိရသည်။




ဆရာမဒေါ်သန်းသန်းဌေးကို ဓားဖြင့်ထိုးသူမှာ သူမ၏အမျိုးသား ကိုညီညီဆိုသူဖြစ်ပြီး အရက်မူးကာ ဇနီးဖြစ်သူကို အမြဲရိုက်နှက်ဆက်ဆံတတ်သည့်အတွက် ကွာရှင်းရန်စီစဉ်ထားသူဖြစ်ကြောင်း သိရသည်။

ရူးကျေးရွာသားတစ်ဦးက "သူ့ယောက်ျားကို ကိုညီညီလို့ခေါ်ကြတယ်။ သူက ဆရာမကို ညဉ့်နက်သန်းခေါင်လည်း ရိုက်နှက်တယ်။ အဲဒါ ဆရာမကသည်းမခံနိုင်လို့ ကွာရှင်းဖို့ ဆွေးနွေးထားကြတယ်လို့ သိရပါတယ်။ သူတို့ နှစ်ယောက်က ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးဖို့ ရွာလူကြီးတွေရှေ့မှာ နှုတ်ကတိလည်း ပေးထားပြီးသားလို့သိရပါတယ်" ဟု ပြောသည်။

ဆရာမသည် ပြီးခဲ့သည့်ရက်ပိုင်းက အမျိုးသားဖြစ်သူနှင့် ကွာရှင်းပြတ်စဲရန် နှုတ်အားဖြင့် သဘောတူညီမှုရပြီးနောက် ရူးကျေးရွာအလယ်ပိုင်းရှိ အခြားဆရာမတစ်ဦး၏ နေအိမ်တွင်နေထိုင်ခဲ့ပြီး  ယနေ့မနက်ကကျောင်းသို့သွားစဉ် ဓားဖြင့်ထိုးခံရခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

ဆရာမ၏ အမျိုးသားဖြစ်သူ ကိုညီညီဆိုသူကို ဆရာမအား ဓားနှင့်ထိုးပြီးထွက်ပြေးစဉ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/ AA)က ဖမ်းဆီးမိထားကြောင်း ကျေးရွာသားများက ပြောသည်။

ဆရာမသည် အမ်းမြို့နယ်၊ သဗြုချိန်ကျေးရွာဇာတိဖြစ်ပြီး ရူးအထကတွင်တာဝန်ကျနေသူဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်ကလည်း ရသေ့တောင်မြို့နယ်တွင် အသက် ၃ဝ ကျော်အရွယ် အလယ်တန်းပြဆရာမ ဒေါ်နှင်းယုနွယ်သည် စာပြရန် သွားစဉ် လမ်း၌ ရက်ရက်စက်စက်အသတ်ခံလိုက်ရသေးသည်

သူမ၏အမှုတွင်လည်း သံသယရှိသူများကို ULA/AA က ဖမ်းဆီးစစ်ဆေးလျက်ရှိသည်ဟု သိရသည်။ (NN-23)

ဆက်စပ် သတင်းများ