ရခိုင်ပြည်၊မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်မှ
အမျိုးသမီး ၂ ဦး အပါအဝင် အရပ်သား ၄ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်မှ
သေနတ်ဖြင့်ပစ်သတ်သွားကြောင်းသတင်းရရှိသည်။
အသတ်ခံရသူများမှာ
မင်းဘာကြီးရပ်ကွက်မှ ဦးသိန်းချေမောင် (၄၅)နှစ်၊ ကိုဂေါင်းလှ( ၂၃)နှစ်၊ ဒေါ်မနန်းဘုံ (၅၀)နှစ်နှင့် ဒေါ်မဲယဉ် (၄၂) တို့ဖြစ်ကြသည်။
မင်းပြားမြို့၊မင်းဘာကြီးရပ်ကွက်တွင် ယမန်နေ့ဇန်နဝါရီ
၁၁ရက်နေ့ ညနေ ၃ နာရီခန့်က အကြမ်းဖက် စစ်ကောင်စီတပ်မှ ရပ်ကွက်အတွင်းသို့ ဝင်ရောက်ပြီး
နေအိမ်အတွင်းမှာရှိသည့် အပြစ်မဲ့အရပ်သား ၄ ဦးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးခဲ့ရသည်ဟု မင်းပြားမြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။
" မနေ့က
မင်းပြားမှာ တိုက်ပွဲဖြစ် တော့ ရပ်ကွက်ထဲမှာကျန်ရှိတဲ့လူတစ်ချို့က
အိမ်မှာပုန်းနေကြတယ်။ အဲ့ချိန်မှာ စစ်တွေဖက်က နေဗီတွေက မင်းပြားထက်ကိုတက်လာပြီး
နေဗီပေါ်က စစ်သား ၁၀လောက်က ပုန်းနေတဲ့ ဒေသခံလေးယောက်ကို သေနတ်နဲ့ ရက်စက်စွာပစ်သတ်သွားခဲ့ပါတယ်"
ဟုပြောသည်။
မင်းပြားတောင်ဦးမော်တွင်တပ်စွဲထားသည့်စစ်
ကောင်စီတပ်သားများသည် ရပ်ကွက်ထဲသို့ လက်နက်များပစ်ခတ်နေသဖြင့်ယနေ့ဇန်နဝါရီ
၁၂ရက်နေ့ နေ့လယ် ၂နာရီခွဲသည့် အချိန်အထိ သေဆုံးသွားသည့် ရုပ်အလောင်းများကို သွားရောက်ကောက်ယူနိုင်ခြင်းမရှိသေးဟု
မင်းပြား ဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။
" ခုချိန်ထိ
အလောင်းကောက်လို့မရသေးပါဘူး။စစ်သားတွေကလှမ်းပစ်နေတော့ သွားယူလို့မရဘူး ဖြစ်နေပါတယ်" ဟုပြောသည်။
ယင်းအပြင် ယမန်နေ့
ဇန်နဝါရီ ၁၁ရက်နေ့ နံနက် ၁၁နာရီခန့်ကလည်း မင်းပြားမြို့ရှိ
စစ်ကောင်စီတပ်များမှပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်တစ်လုံးသည်
ဇီးပင်ကြီးရွာထဲသို့ကျရောက်ခဲ့ပြီး သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။
အကြမ်းဖက် စစ်ကောင်စီ၏ လက်ချက်ဖြင့် ရခိုင်လက်ရှိ စစ်ပွဲအတွင်း သေဆုံးသွားသူမှာ
ဇန်နဝါရီ ၁၁ရက်နေ့အထိ ၈၀
ဦး အထိရှိနေပြီဖြစ်ကြောင်း သိရသည်။(NN-11)