- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၄
ခိုင်လူလှ (ရိုးမမြေ)/ဧပြီ ၁၄/၂၀၂၄
မောင်တောမြို့နယ်မြောက်ပိုင်း အရေးပါသည် စခန်းတစ်ခုဖြစ်သည့် နယ်မြေ(၅) ငခူရ နယ်ခြားစောင့် စခန်းမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၀၀ ကျော်သည် မိသားစုများနှင့်အတူ ယမန်နေ့ ညအချိန်က စခန်းကို စွန့်ခွာထွက်ပြေးသွားကြသည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်အရ သိရသည်။
“ ၁၃-၄-၂၄ ရက် ည (၁၀)နာရီကျော်အချိန်မှာ စက်လှေတွေနဲ့ ရေလမ်းက ထွက်ပြေးသွားတယ်။ ဘင်္ဂလားဒေ့ရှ်ကို ဖြစ်နိုင်သလို ရေမျက်တောင် မဟုတ်ရင် မောင်တောကိုလည်း ဖြစ်နိုင်ပါတယ်”ဟု ၎င်း သတင်းရင်းမြစ်က ပြောကြားသည်။
စက်လှေဖြင့် ရေကြောင်းလမ်းကို အသုံးပြု၍ ညအချိန်ထွက်ပြေးသွားသဖြင့် သူတို့ ဦးတည်ချက်ကို မသိရဟု ဆိုသည်။
ငခူရ ဒေသခံတစ်ဦးကလည်း ထွက်ပြေးသွားသည်မှာ မှန်ကန်ပြီး အင်အား ၁၀၀ ကျော်ခန့် ဖြစ်သည်ဟု ပြောဆိုသည်။
“ ငခူရ နယ်ခြားစောင့်စခန်းမှာ တပ်ဖွဲ့ဝင် အင်အား (၁၀၀)ကျော်လောက်ရှိပါတယ်။ မိသားစုနဲ့ ပါဆိုရင် (၁၅၀)လောက် ဖြစ်နိုင်ပါတယ်။ သူတို့ ထွက်ပြေးတာက စက်လှေနဲ့ဆိုတော့ ဖြစ်နိုင်ခြေ အများဆုံးကတော့ ဘင်္ဂလားဒေ့ရှ်ကို ဖြစ်နိုင်တယ်။ ခန့်မှန်းကြည့်တာပါ။ သတင်း အတိအကျတော့ မရသေးဘူး။ မောင်တောလား၊ ဘင်္ဂလားဒေ့ရှ်လား မသိရသေးဘူး။ သိရရင် ပြန်ပြောပေးပါမယ်” ဟု ပြောဆိုသည်။
လက်ရှိတွင် အာရက္ခစစ်သည်တော်များက ၎င်းစခန်းအား သိမ်းပိုက်လိုက်ပြီး ၎င်းစခန်းအပါအဝင် နယ်မြေရှင်းလင်းရေး လုပ်နေသည်ဟု သိရသည်။
အဆိုပါ ငခူရစခန်းနှင့် ပတ်သက်ပြီး ULA/ AA တာဝန်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါသည်။