- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၄
နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၁၉ ရက်/၂၀၂၄
ရခိုင်ပြည်၊ မောင်တောမြို့နယ်တောင်ပိုင်းတွင် တည်ရှိသည့် သရီကုန်ဘောင်ကျေးရွာကို မေလ ၁၉ ရက် နံနက် ၁၀ နာရီကျော်ခန့်၌ အကြမ်းဖက် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၃လုံးကြဲ ချခဲ့သဖြင့် ဒေသခံ ၂ ဦးဒဏ်ရာရရှိပြီး ကျေးလက် ဆေးပေးခန်းအပါအဝင်လူနေအိမ် ၅ လုံး ပျက်စီးသွားခဲ့ကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။
ကျေးရွာသား တစ်ဦးက "ဒီနေ့မနက် ၁၀ နာရီကျော်မှာ ဂျက်တိုက်လေယာဉ်တစ်စီး ရုတ်တရက် ရောက်လာပြီး ရွာထဲကို ဗုံးချခဲ့တာ။ ရွာသူရွာသားတွေ အနီးအနားက ရွာတွေကို ဈေးသွားဝယ်နေကြတဲ့ အချိန်ဖြစ်လို့။ မဟုတ်ယင် အသေအပျေက်တွေဖြစ်ကြမှာ။ အခုဒဏ်ရာ ရတာ ၂ ဦးရှိတယ်။ ကျေးလက် ဆေးပေးခန်းနဲ့ လူနေအိမ် ၅ ဆောင်ပြိုသွားတယ်"ဟု ပြောကြားသည်။
ဒဏ်ရာရရှိသူများမှာ အသက် ၇၉ နှစ်အရွယ် ဦးညိုမောင်နှင့် နောက်ရွားသားတစ်ဦးဖြစ်ပြီး ကျေးလက် ကျန်းမာရေးဆေးပေးခန်းနှင့် နေအိမ် ၅ လုံးမှာလုံးဝ ပျက်စီးသွားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
လာရောက်ကြဲချခဲ့သည့် ဗုံး ၃ လုံးတွင် ကျေးလက်ဆေးပေးခန်း၌ တစ်လုံးကျရောက်ပြီး ဆေးပေးခန်း တစ်ခုလုံးပျက်စီးသွားသွားခဲ့ရကာ နောက်ထပ်ဗုံးနှစ်လုံးမှာ ကျေးရွာအတွင်းနှင့်ရွာအပြင်ဘက်တွင် ကျရောက် ပေါက်ကွဲပြီး နေအိမ် ၅ အိမ်ပျက်စီးသွားခဲ့သည်။
ပျက်စီးသွားသည့် နေအိမ်များမှာ ဦးအောင်ထွန်းသာ၊ ဦးလှအောင်စံ၊ ဦးညိုမောင်၊ ဦးဇော်ခိုင်နှင့် ဦးမောင်အေးတို့၏ အိမ်များဖြစ်ကြောင်း ၎င်းကျေးရွာမှ အမျိုးသမီးကြီး တစ်ဦးက ပြောသည်။
“ လုံး၀ပြိုသွားတာ အိမ်တွေက၊ ဗုံးတွေက အရမ်းပြင်းတာ။ ဆေးရုံလည်း လုံး၀ ပြိုကျသွားတယ်။ အခုက ကျွန်မတို့ နေစရာမရှိတော့ဘူး။ နောက်ထပ်လာပြီး ဗုံးကြဲမှာကို ကြောက်နေရတယ်။ ရွာသားတွေလည်း ဘယ်လိုလုပ်မရလဲ မသိဖြစ်နေကြတယ်” ဟု ပြောဆိုသည်။
ပြီးခဲ့သည့် မေလ ၁၄ရက် ၌ လည်း မောင်တောမြို့နယ် တောင်ပိုင်း ကင်းချောင်းကျေးရွာသို့ စစ်ကောင်စီမှ ဂျက်တိုက်လေယျာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ရွာသား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ကျေးရွာသား ၅ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။
မေလ ၆ရက်နေ့ကလည်း မောင်တောမြို့နယ် ရွှေဗဟိုကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အမျိုး သမီးတစ်ဦး ပြင်းထန်ဒက်ရာရရှိခဲ့ရသည်။
ဓာတ်ပုံ - ပေးပို့