မောင်တော ဟာဘီကျေးရွာကို စစ်ကောင်စီမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ၅ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ
-
ရေးသူ:
Web Master
-
| ရက်စွဲ:
၁၀ ဇွန် ၂၀၂၄
-
| ကြည့်ရှုသူ:
1.4k
သဥ္ဇာနွယ်၊
နိရဥ္စရာ၊ ဇွန် ၁၀/ ၂၀၂၄
ရခိုင်ပြည်၊မောင်တောမြို့နယ်၊
ဟာဘီကျေးရွာကို စစ်ကောင်စီမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ၅ ဦးသေဆုံးပြီး ၈
ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူများမှာ
ဟာဘီကျေးရွာမှ ဦးဂျုဟာရ် (၅ဝ) နှစ် ၊ ဒေါ်ဒိလ်ဘာရ် (၄၅) နှစ်(ဂျုဟာရ်၏ အိမ်ရှင်မ)၊ မောင်နော်ဂျု (၂၀) နှစ် (သား)၊ မရှော်ဖာနုရ် (၁၂) နှစ်(သမီး)၊ မခေါ်ယိန်နုရ် (၆) နှစ်(သမီး)
တို့ ဖြစ်ကြသည်။
ဒဏ်ရာရသူများမှာလည်း
ဒေါ်နုရ်ဖာတေမာ (၃၂) နှစ်၊ မနုရ်ချေဟဲရာ
(၁၁) နှစ်၊ ဒေါ်ဆော်မိရာအဖနော်ဇိရ်အာမတ်
(၄၀) နှစ်၊ မရှာဟီမာအဖအာမတ်အာမိန် (၁၁) နှစ်၊ မောင်အာတအုလ်အဇီဇ်အဖအာယုဖ် (၇) နှစ်၊ ဒေါ်နုရ်ဂျာန် (၆၅)
နှစ် ၊ မောင်ကိုက်ဆဲရ်အဖရော်ဘိခ်အာလာမ် (၈)
နှစ်၊ မောင်ဆူလေမာန်ရှာအဖ ဂျုဟာရ် (၃) နှစ်
တို့ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်
ဟာဘီကျေးရွာကို ယမန်နေ့ ဇွန်လ ၉ ရက်နေ့ မွန်းလွှဲပိုင်းက စစ်ကောင်စီ၏ နခခ(၅)
တပ်ရင်းမှ လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်ခဲ့သဖြင့် လက်နက်ကြီး ကျည်တစ်လုံးသည်
မိုဟာမတ်ဇူဟာရ်၏ နေအိမ်သို့ ကျရောက်ခဲ့ပြီး မိသားစုတစ်ခုလုံး သေဆုံး ဒဏ်ရာရရှိခဲ့ခြင်း
ဖြစ်သည်ဟု သိရသည်။
အိမ်နီးနားချင်းများမှာလည်း
ကျည်စထိမှန်၍ ဒဏ်ရာရရှိသူများရှိကြသည်ဟု မောင်တောဒေသခံ မွတ်ဆလင် တစ်ဦးက နိရဥ္စရာ
သတင်းဌာန ကိုပြောသည်။
“ ထမင်းစားချိန်လောက်မှာ နခခ (၅) က
လက်နက်ကြီးကျည်နဲ့ပစ်လို့ မွတ်ဆလင်မိသားစုထဲက သုံးယောက်က ပွဲချင်းပြီး သေသွားတယ်။
နောက်ထပ်လူတွေက ဒဏ်ရာ ပြင်းထန်တော့ နောက်ထပ် ထပ်သေကြတာပါ။ ဒဏ်ရာရတဲ့သူကတော့ ၄
ယောက်လောက်ရှိနေသေးတယ်။ တစ်ရွာထဲနေတဲ့ အိမ်နီးချင်းတွေပါ” ဟုပြောသည်။
လက်ရှိတွင်
ဟာဘီကျေးရွာမှ မွတ်ဆလင် ၂၀၀၀ ကျော်ခန့်သည်လည်း နီးစပ်ရာကျေးရွာနှင့် မြို့ပေါ်သို့
တိမ်းရှောင်သွားခဲ့ကြကြောင်း မောင်တောမြို့ခံတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။
“ လက်ရှိတိုက်ပွဲဖြစ်တာမရှိတဲ့နေရာက
မြို့တစ်ခုပဲကျန်တော့ မြို့ကိုပဲထွက်ပြေးကြတာပါ၊ တချို့ကတော့ ဆွေမျိုးတွေ ရှိတဲ့
ရွာတွေကိုသွားတယ်” ဟုပြောသည်။
မောင်တော
ဂေါ်လီဇာရွာအနီးအနားတွင်လည်း ယမန်နေ့က အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့
တိုက်ပွဲပြင်းထန်ခဲ့သဖြင့်စစ်ကောင်စီ၏ မောင်တောမြို့သူကြီး နခခ(၅) မှ
အနီးအနားကျေးရွာ များကို လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။
ဇွန်လ ၇ ရက်နေ့က ည
၉ နာရီခန့်ကလည်း ဂေါ်လီဇာကျေးရွာနှင့် သီဟိုဠ်ခြံများကိုကို စစ်ကောင်စီမှ
ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အာရက္ခတပ်တော်နှင့်
တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် မောင်တောမြို့အနီးအနားနှင့် ကျေးရွာများအား
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေပြီး ဇွန်လ ၆ ရက်မှ
ယနေ့ ဇွန်လ ၉ ရက်အထိ (၄) ရက် အတွင်း လေယာဉ်ဖြင့် ဗုံးကြဲသည့် အကြိမ်ရေ ၃၀
ခန့် အထိရှိကာ ဒေသခံ အရပ်သားပြည်သူ သေဆုံးမှုနှင့်
ဒဏ်ရာရရှိမှုများပြားလာနေကြောင်း မောင်တော ဒေသခံများထံမှသိရသည်။