- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၄
နောင်မင်းသူ၊ နိရဉ္စရာ၊ အောက်တိုဘာ ၈/၂၀၂၄
ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကျောက်လှေကားမွတ်ဆလင်ရွာအား
ယမန်နေ့ညနေတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၇ ရက်၊ ညနေ ၄ နာရီကျော်ခန့်၌
စစ်ကောင်စီ၏ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးနှစ်လုံးလာကြဲလာခဲ့ကြောင်း ဒေသခံမွတ်ဆလင်များက
ပြောသည်။
ဒေသခံမွတ်ဆလင်တစ်ဦးက "ကျောက်လှေကားရွာက
လူမနေတဲ့အလွတ်အဆောင်တစ်ခုအနား ကျပေါက်ကွဲတာ။ ထိခိုက်မှုတော့မရှိခဲ့ပါ"ဟု
ပြောကြားသည်။
အဆိုပါကျေးရွာတွင် အိမ်ခြေ ၁၅၀၀ ခန့်ရှိပြီး မောင်တောမြို့မှ
စစ်ဘေးရှောင်မွတ်ဆလင် ၅၀၀၀ ကျော်နေထိုင်နေကြကြောင်း သိရသည်။
ထို့အတူ မောင်တောမြို့နယ်တောင်ပိုင်း ခရေမြိုင်ကျေးရွာကိုလည်း
စစ်ကောင်စီက ယမန်နေ့ညနေတွင် ဂျက်တိုက်လာယာဥ်တစ်စီးဖြင့်
ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား နှစ်ဦး ပွဲချင်းသေဆုံးပြီး ၆
ဦးဒဏ်ရာရရှိသွားခဲ့ရသည်။
ယင်းသို့ဗုံးကြဲချခဲ့၍ ခရေမြိုင်ရွာသားအချို့ စိုးရိမ်ကြောက်လန့်ကာ
ထွက်ပြေးနေရသည်ဟုလည်း ဒေသခံများက ပြောသည်။
ခရေမြိုင်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက "ကျွန်မတို့ ဘယ်လိုမှမနေရဲတော့ပါဘူး။ ဂျက်နဲ့ ဗုံးကြဲတုန်းက
ကလေးတွေနဲ့အိမ်အောက်ပုန်းနေခဲ့ကြရတယ်။ ဗုံးကျတာနဲ့ ကြောက်လန့်ပြီး
သတိမရဖြစ်သလိုဖြစ်သွားခဲ့ရတယ်။ နောက်ထပ်လည်း ဗုံးလာမချနိုင်ဘူးလို့
မပြောနိုင်ဘူး"ဟု ပြောဆိုသည်။
ခရေမြိုင်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် အရပ်သားပြည်သူများ
နေထိုင်သည့်ကျေးရွာများအား ပစ်မှတ်ထား ဗုံးကြဲချလျက်ရှိနေသည်။