တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးတွင်လက်နက်ကြီးကျည်စထိ၍ နောက်ထပ် ဒေသခံ ၁ဦး သေဆုံး၊ ၁ဦးဒဏ်ရာရ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်စ ထိမှန်၍ ဒေသခံ၁ဦးသေဆုံးသွားပြီး ၁ဦးဒဏ်ရာရရှိသွားကြောင်းသိရသည်။

သေဆုံးသွားသူမှာ မြောက်ဦးမြို့၊ ကျောက်ရစ်ကေရပ်ကွက်တွင် နေထိုင်သည့် အသက်(၄၀)ကျော် အရွယ် ကိုထွန်းမောင်ဖြစ်သည်။

ထိခိုက်ဒဏ်ရာရရှိသွားသူမှာ မြောက်ဦးမြို့နယ်၊ မောင်ရွှီကန်ကျေးရွာမှ အသက် (၂၉)နှစ်အရွယ် ကိုဇော်မျိုးဝင်းဖြစ်သည်ဟု သိရသည်

မြောက်ဦးမြို့တွင် ယမန်နေ့ဒီဇင်ဘာလ ၂၆ရက်၊ ညနေ ၇နာရီ အချိခန့်က  စစ်ကောင်စီ တပ်ရင်းများဖြစ်သည့် ၃၇၇၊ ၃၇၈၊ ၅၄၀ တပ်ရင်းတို့မှ  လက်နက်ကြီးများ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည်  ကျောက်ရစ်ကေရပ်ကွက်ရှိ နေအိမ်ထဲတွင် ကျရောက်ကွဲ ကိုထွန်းမောင်မှာ ကျည်စထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။


"ကိုထွန်းမောင်ကတော့ မြောက်ဦးဇာတိမဟုတ်ဘူး။ ကျောက်တော်မြို့နယ်၊ ကျားနက်ကန်ကျေးရွာ ဇာတိပါ။  သူနေထိုင်တဲ့ နေအိမ်မှာ လက်နက်ကြီးကျတယ်။ ကျည်စထိပြီး အဲ့နေရာမှာဘဲ ပွဲချင်းပြီးသေသွားပါတယ်" ဟု မြောက်ဦး ကျောက်ရစ်ကေရပ်ကွက်မှ မြို့ခံတစ်ဦးက ပြောသည်။

အလားတူ ထိခိုက်ဒဏ်ရာရရှိသွားသည့် ကိုဇော်မျိုးဝင်းမှာလည်း မောင်ရွှီကန်ကျေးရွာရှိ ဦးမောင်မောင်သိန်း၏ လယ်တလင်းပြင်တွင်ရှိနေစဥ် လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ ကျည်စထိကာ ညာဖက်ပေါင်ရင်းတွင်းဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု သိရသည်။

"ဒဏ်ရာကတော့ သိပ်မပြင်းပါဘူး။ ပွန်းပဲ့ဒဏ်ရာလောက်ရသွားတယ်။ ပေါင်ရင်းနားမှာထိတာပါ" ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသည့် ကိုဇော်မျိုးဝင်းကို မြောက်ဦးမြို့နယ်၊ တိန်ညိုဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားကြောင်းသိရသည်။

မြောက်ဦးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် တစ်ရက်တည်းအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်၍ မြောက်ဦးမြို့ လက်ကောက်စျေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ပု (၅၄) နှစ်၊ ဘုရားပေါ်စစ်ဘေးရှောင်စခန်းက  မယုလှိုင်မိုး(၁၀)နှစ်၊ မအေးသန်းကြည် (၁၁)နှစ်၊ မောင်ကျော်မင်းစိုး() နှစ်နှင့် ဒေါ် စိန်ဝါနု (၅၂) နှစ်တို့မှာ သေဆုံးသွားကြပြီး ဒဏ်ရာရသူ ၁၀ဦးထက်မနည်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့ စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများ၊ ဒရုန်းများနှင့် လေယာဉ်ဖြင့် ဗုံးကြဲခြင်းများကို ပြုလုပ်နေသဖြင့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိအနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး ၂၀ ထက်မနည်း ဒဏ်ရာရရှိကြောင်း နိရဉ္စရာက ကောက်ယူထားသည့် စာရင်းများအရ သိရသည်။(NN-12)

ဆက်စပ် သတင်းများ