တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

အပြောင်းမတင်ဘဲ ရခိုင်ကအထက်တန်းပြ ဆရာ/ဆရာမ ၆၀၀ ကို ပြည်မဖက်သို့ ပြောင်းရွှေ့ ရမည့် စာရင်းထွက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 5.9k

သဉ္ဇာနွယ်/ နိရဉ္စရာ၊ ဇွန် ၁၉/၂၀၂၄

အပြောင်းတင်ထားခြင်း မရှိသလို တစုံတရာ မေးမြန်းခြင်းလည်း မရှိဘဲ ရခိုင်ပြည်မှ အထက်တန်းပြ ဆရာ/ ဆရာမ ၆၀၀ အား  ပြည်မဖက်သို့ အတင်းအကျပ် ပြောင်းရွေ့ခံထားရသည့် စာရင်းထွက်နေကြောင်း သတင်းရရှိသည်။

၎င်းစာရင်းကို စစ်တွေမြို့၊   ပြည်နယ်ပညာရေးမှူးရုံးတွင် ကပ်ထားသည်ဟု ပညာရေးဝန်ထမ်း အမျိုးသားတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

"  တကယ်ပြောင်းရွှေ့ခံရတာ။ အခုလက်ရှိ အထက်တန်းပြ (၆၀၀)လောက်ပြောင်းရွေ့ခံရမယ့်စာရင်းကို ပြည်နယ်ပညာရေးမှူး ရုံးမှာကပ်ထားတာပါ။ အပြောင်းမတင်ဘဲ နာမည်တွေပါသွားလို့ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီစာရင်းက အခု ပထမတစ်သုတ်ထွက်တဲ့စာရင်းပဲဖြစ်တယ်။ နောက်လည်း ထပ်ထွက်အုံးမှာ" ဟုပြောသည်။

ရခိုင်မှ အထက်တန်းနှင့် အလယ်တန်း ကျောင်းဆရာ ဆရာ ဆရာမ ၁၂၀၀ ပြောင်းရွှေ့ခံရသည်ဟု သတင်း ထွက်နေသော်လည်း လက်ရှိ ကပ်ထားသည့် စာရင်းတွင် ဆရာ ဆရာမ ၆၀၀ သာ ပါဝင်ပြီး ပြောင်းရွေ့ရမည့်ဒေသမှာ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး ဖြစ်ကြောင်း  ၎င်းပညာရေးဝန်ထမ်းက ပြောသည်။

ဧရာ၀တီတိုင်း ဘိုကလေးမြို့ကို ပြောင်းရွေ့ခံရမည့် ပညာရေးဝန်ထမ်း ဆရာမတစ်ဦးက  " အစိုးရက လစာမပေးတာလည်း  တော်တော်ကြာပြီ။ လစာမပေးချင်လို့ လုပ်တာလား။ ဘာဖြစ်လို့လည်း မသိပါဘူး။ ကျမတို့ဝန်ထမ်းတွေက အခုလက်ရှိကာလမှာ အရမ်းအကျပ်အတည်း ဖြစ်နေရတယ်။ အဲ့လိုအချိန်မှာ ဒီလို ဝန်ထမ်းတွေ တစ်ယောက်မှ မသိဘဲ ပြောင်းရွှေ့ စာရင်း ထွက်လာတယ်ဆိုတော့ မယုံနိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မသွားဖို့ဆုံးဖြတ်ထားတယ်။ ဝန်ထမ်း အပြောင်းလည်း တင်ထားတာမရှိဘူး။  " ဟု နိရဉ္စရာ သတင်းဌာနကိုပြောသည်။

ယခုလို့ နိုင်ငံရေးအကျပ်အတည်းကာလတွင် မိမိစိတ်ဆန္ဒမပါပဲ ပြောင်းရွေ့ခံရသဖြင့် စိတ်မကောင်းကြောင်း၊ ဝန်းထမ်းများအပေါ်အကျပ်ကိုင်သည်ဟု မြင်ကြောင်း၊  လစာ မပေးနိုင်သော ကြောင့် စေလွတ်ခြင်းဖြစ်သည်ဟု မြင်ကြောင်း၊   ပြောင်းရွှေ့ စာရင်း များကို အထက၊ အလက၊ အမက တစ်သုတ်ချင်းစီ ထုတ်ပေးမည်ဟု သိရကြောင်း အဆိုပါ ဆရာမက ပြောကြားသည်။

လက်ရှိ ရခိုင်ပြည်မှ မြို့နယ် ၉ ခုနှင့် ချင်းပြည်နယ်မှ ပလက်၀ ဒေသကို အာရက္ခတပ်တော်မှ သိမ်းပိုက်ထားပြီး စာသင်ကျောင်းအများအပြားကို ပိတ်ထားရပြီး ဆရာ ဆရာမ ထောင်နှင့်ချီပြီး စာမပြရဘဲ ဖြစ်နေသလို လစာများလည်း မရဘဲဖြစ်နေကြသည်ဟု သိရသည်။

ယခုကိစ္စနှင့်ပက်သက်ပြီး ပြည်နယ်ပညာရေးမှူးရုံးကို ဖုန်းဆက်ခဲ့သော်လည်း ဖုန်းဖြေဆိုခြင်းမရှိခဲ့ပါ။

ရခိုင်တွင် လက်ရှိဖြစ်နေသော တိုက်ပွဲများကြောင့် စစ်တွေမြို့ပေါ်ရှိ ဆရာ ဆရာမမများ အပါအဝင် အစိုးရဝန်ထမ်းများသည် လုံခြုံရေးစိုးရိမ်ရအလုပ်ကို စွန့်ခွာကာ သွားနေကြသူများ ရှိသလို ခွင့်မဲ့ ပျက်ကွက်သူလည်း များပြားနေသည်ဟု သိရသည်။

စစ်တွေမြို့တွင် လည်းတိုက်ပွဲဖြစ်ပွားလာမည်စိုး၍ ထွက်ပြေးတိမ်းရှောင်နေသည့်   ပညာရေးဝန်ထမ်း၊ အုပ်ချုပ်ရေးပိုင်းဝန်ထမ်းအပါအဝင် ဝန်ထမ်းအကြီးပိုင်းများကို ၂၀၂၄ ခုနှစ် မေလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ လာရမည်ဟု သက်ဆိုင်ရာဌာနများက ညွန်ကြားထားပြီး မလာပါက CDM အဖြစ် သတ်မှတ်မည် ဆိုသဖြင့် မေလအတွင်းက တချို့တစ်ဝက်မှာ ပြန်လာခဲ့ကြောင်း  စစ်တွေမြို့ခံ စစ်ကောင်စီ ဝန်ထမ်းများနှင့် နီးစပ်သူများက ပြောသည်။

အာရက္ခတပ်တော်သိမ်းပိုက်ထားသည့် ပလက်၀၊ ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ မြေပုံနှင့် ရမ်းဗြဲတို့တွင်လည်း စစ်ကောင်စီရုံးများ လည်ပတ်မှု လုံး၀ မရှိတော့၍ ကျောင်းများအားလုံးပိတ်ထားရသလို  စစ်တွေ၊ဘူးသီးတောင်၊မောင်တော၊ ကျောက်ဖြူ၊ တောင်ကုတ် မြို့တို့တွင်လည်း တိုက်ပွဲများဖြစ်နေသဖြင့် စာသင်ကျောင်းအများအပြားကို ပိတ်ထားရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ