တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ရခိုင်တွင် မိုင်းအန္တရာယ်သတိပေးချက် AA ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.3k

မောင်စာဂ၊ နိရဥ္စရာ၊ ဇူလိုင် ၁၃/၂၀၂၄

ရခိုင်တွင် စစ်ကောင်စီထောင်ထားခဲ့သည့်မိုင်းများရှိနေ၍ ပြည်သူလူထုအနေဖြင့် သတိထား သွားလာကြရန် မိုင်းအန္တရာယ်အသိပေးချက်တစ်ရပ်ကို အာရက္ခတပ်တော်(AA)က ယနေ့ ဇူလိုင်လ ၁၃ ရက်၊ ညနေတွင် ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်တွင် အာရက္ခဒေသအတွင်း တိုက်ပွဲဖြစ်ပွားလျက်ရှိနေဆဲနေရာများ ဖြစ်ကြသော သံတွဲနှင့် မောင်တောမြို့များတွင် စစ်ကောင်စီသည် အဆိုပါ မြို့နှစ်မြို့အား ခံစစ်အဖြစ်ပြင်ဆင်နေသကဲ့သို့ မြို့တွင်းသို့ဝင်ရောက်နိုင်သည့် နေရာများ၊ တံတားများနှင့် ၎င်းတို့စခန်းချခဲ့သော နေရာများတွင် စွန့်လွှတ်မိုင်း၊ မြေမြှုပ်မိုင်းများ ထောင်ထားခဲ့သည်ကို တွေ့ရှိနေရသည်ဟု ရေးသားထားသည်။

ထို့အပြင် AA က အလုံးစုံသိမ်းပိုက်ထားပြီးဖြစ်သော မြို့များရှိ စစ်ကောင်စီ၏ အခြေစိုက် တပ်စခန်းများ၊ ဗျူဟာဌာနချုပ်၊ စကခဌာနချုပ်၊ ၎င်းတပ်စခန်းအနီးအနားပတ်ဝန်းကျင်၊ လူသွားလမ်း၊ စာသင်ကျောင်း၊ စားကျက်မြေများတွင်လည်း စစ်ကောင်စီ၏ စွန့်လွှတ် မိုင်းများကြောင့် အရပ်သားပြည်သူလူထုများမှာ စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းများကို နင်းမိခြင်းကြောင့် နေ့တိုင်းလိုလို အသက်သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်းများကို ကြုံတွေ့နေရဆဲဖြစ်သည်ဟု ဆိုထားသည်။

ယမန်နေ့ ဇူလိုင်လ (၁၂) ရက်နေ့တွင်လည်း သံတွဲမြို့၊ နံတော်တောင်တံတား (နန်းချောင်းတံတား) ပေါ်တွင် စစ်ကောင်စီသည် အဆိုပါတံတားအား ဖောက်ခွဲဖျက်ဆီးရန် တံတားပေါ် ၌ မိုင်းများထောင်ထားခဲ့သည့်အပြင် ၎င်းတို့ဆုတ်ခွာထွက်ပြေးသွားသည့်လမ်းများ၊ ၎င်းတို့စခန်းချရာ အနီးပတ်ဝန်းကျင်များ၌ စွန့်လွှတ်မိုင်းများစွာကို ထောင်ထားသည်များကို တွေ့ရှိရသည်ဟုလည်း ရေးသားထားသည်။

ထို့ကြောင့် အရပ်သားပြည်သူလူထုအနေဖြင့် မိုင်းနှင့်ပတ်သက်သော ဗဟုသုတ၊ အသိပညာများကို သိရှိအောင် ပြုလုပ်ထားခြင်း၊ စစ်ကောင်စီ၏ တပ်စခန်းများ၊ တပ်စခန်းပတ်ဝန်းကျင်များ၊ စစ်ကောင်စီ (ယာယီ)စခန်းချခဲ့ရာ နေရာများတွင် မိုင်းအန္တရာယ် သတိမမူဘဲ သွားလာခြင်း၊ သားကောင်ရှာဖွေခြင်း၊ ကျွဲ၊ နွားများ အစာကျွေးရန် စေလွှတ်ထားခြင်းများကို လတ်တလောအခြေအနေများတွင် မပြုလုပ်ကြဘဲ မိုင်းသတိဖြင့် သွားလာနေထိုင်ကြရန် အသိပေး ထုတ်ပြန်အပ်ပါသည်ဟု ထုတ်ပြန်ရေးသားထားသည်။



ရခိုင်တွင် ယခုနောက်ပိုင်း မိုင်းနင်းမိခြင်းကြောင့် သေဆုံးဒဏ်ရာရမှုများတိုးလာနေသည်

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်က မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်း ခမရ(၃၇၉)အနီးတွင် စစ်ကောင်စီထောင်ထားခဲ့သည့်မြေမြှုပ်မိုင်းနင်းမိ၍ မင်းပြားမြို့၊ အောင်သာယာရပ်ကွက်မှ ကိုအောင်သာချေ (၂၂)နှစ်၌ ဘယ်ဘက် ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့ကြောင်း သိရသည်။

ယင်းအပြင် ညာဖက်ခြေထောက်နှင့် ခန္ဓာကိုယ် အနှံ့အပြားတွင် ဒဏ်ရာပြင်းထန် ရရှိသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၇ ရက်ကလည်း မင်းပြားမြို့နယ် ဖားပြိုကျေးရွာတွင် ထင်းခွေ၊ ဟင်းရှာရာမှ မြေမြှုပ်မိုင်းနင်းမိ၍ ယင်းကျေးရွာမှ ကိုမောင်ဆန်းသိန်း အသက်(၂၆)နှစ်သည် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၈ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်ကလည်း ကျိန္တလီမြို့၊ အမှတ်(၁) ရပ်ကွက်မှ ကိုမောင်ဖြူ အသက် (၃၀) ကျော်သည် ကျိန္တလီမြို့အနီးရှိ တောင်ပေါ်သို့  မှိုရှာရန်သွားစဥ် မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ခြေသလုံးနားမှဖြတ်တောက်လိုက်ရကြောင်း သိရသည်။

ဇူလိုင်လ  ၂ ရက်နေ့ကလည်း ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်မှ ကိုမြင့်မောင် (၂၈)နှစ်သည် မှိုရှာထွက်ရင်း မိုင်းနင်းမိပြီး ခြေထောက် တစ်ဖက်ပြတ်သွားခဲ့သည်။

ရခိုင်တွင် မိုင်းအသိပညာပေးမှုများ လုပ်ဆောင်ပေးရန်လိုအပ်ပြီး မသွားသင့်သည့် နေရာများသို့ တင်းတင်းကြပ်ကြပ် တားမြစ်သင့်သည်ဟု လူမှုရေးလှုပ်ရှားသူများက ထောက်ပြ ပြောဆိုသည်။ 

ဓာတ်ပုံ - ရခိုင်လွတ်​မြောက်နယ်မြေတစ်ခုရှိ မိုင်းအန္တရာယ်အသိပညာပေးဆိုင်းဘိုးတစ်ခုအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၆ ရက်က တွေ့ရစဥ်။

ဆက်စပ် သတင်းများ