ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့ပေါ်ရှိစစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့်သုံးတန်းကျောင်းသားတစ်ဦးရေနစ်သေဆုံးသွားကြောင်းသတင်းရရှိသည်။
၎င်းကလေးငယ်မှာ ရသေ့တောင်မြို့နယ် ဆောက်ခတ်ကျေးရွာမှ မြို့ပေါ် စစ်မှုထမ်းဟောင်း စစ်ဘေးရှောင်စခန်းတွင် ယာယီ ခိုလှုံနေသည့် သုံးတန်းကျောင်းသား မောင်ဇော်ငြိမ်းဖြိုး (၁၁)နှစ် ဖြစ်သည်။
၎င်း၏သူငယ်ချင်းများနှင့်အတူ ကစားရန်ထွက်သွားကြရာမှပျောက်ဆုံးသွားပြီး ၎င်းကလေးငယ်၏ အလောင်းအား ယနေ့နံနက် ၆ နာရီတွင် ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းနံဘေးရှိ ရေမြောင်းထဲတွင် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
" မိုခါမုန်တိုင်းနဲ့ စခန်းတစ်ခုလုံးပြိုထွက်သွားတဲ့အတွက် စစ်ဘေးရှောင်တွေမှာ နေစရာ အိမ်လည်း
မရှိတော့ဘူး။ ဒါကြောင့်အဲဒီမှာ ယာယီ ပြန်ပြီးပြုပြင်နေကြတဲ့ ကာလဆိုတော့ သားသမီးကိုလည်း ဂရုစိုက်ဖို့ မရပုံပေါ်တယ်။ ကစားနေတယ်ဆိုပြီးစိတ်ချလက်ချနဲ့ပေါ့။ ညနေဘက်ပြန်မရောက်တော့ လိုက်လို့ ရှာကြတယ်။ မတွေ့ဘူး။ မနက်မိုးလင်းမှ ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းနံဘေး ရေမြောင်းမှာ နောက်ကျောမှောက်ပြီး အလောင်းတစ်လောင်း တွေ့တယ်ဆိုပြီး သွားကြည့်ကြတာ အဲဒီကလေးဖြစ်နေတယ်" ဟုပြောသည်။
အဆိုပါသေဆုံးသွားသည့် ကလေးငယ်နှင့် သူငယ်ချင်းများကို ယမန်နေ့ညနေ ၅ နာရီခန့်က ယင်းအလောင်းတွေ့ရှိခဲ့သည့် ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းနံဘေးရှိ ရေမြောင်းတွင် ရေဆော့ကစား၍မြင်ခဲ့ကြောင်း မျက်မြင်အချို့ကပြောသည်ဟုဆိုသည်။
လက်ရှိတွင် အဆိုပါကလေး၏အလောင်းအား ရသေ့တောင်မြို့ပြည့်သူဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ (NN-8)