တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

လေးမြို့မြစ်ရေမြင့်တက်မှုကြောင့် မင်းပြားမြို့နယ်ရှိ ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်နေ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၆ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 518

ရခိုင်ပြည်နယ်၊ မြောက်ဦးနှင့် မင်းပြားကြားရှိ လေးမြို့မြစ်ရေမြင့်တက်မှုကြောင့် မင်းပြားမြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှာ ဒီရေဝင်ရောက်ပြီး ရေကြီးရေလျှံမှု ဖြစ်နေကြောင်း သတင်းရရှိသည်။

မင်းပြားမြို့နယ်ထဲမှ မင်းဖူးချောင်းဒေသနှင့် ဖုန်သာချောင်းဒေသမှ ကျေးရွာ ၂၀ ကျော်သည် ယနေ့ သြဂုတ် ၁ ရက်မှစတင်ကာ ကျေးရွာအတွင်းရေကြီးရေလျှံမှု ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက ကျေးရွာအတွင်း ရေ ၃ ပေကျော်ခန့်အထိနစ်မြုပ်ခဲ့ပြီး ညနေ ၄ နာရီတွင် ၂ ပေကျော်ထိကျန်ရှိနေသေးကြောင်း ဖုံသာချောင်းဒေသမှ မြင်းတင်မကျေးရွာဆရာတော်က နိရဥ္စရာသတင်းဌာနသို့မိန့်ကြားသည်။

"အခုရွာမှာရေက တစ်တောင်နဲ့တစ်ထွာလောက်ရှိနေတယ်။ ရွာက စပါးခင်းတွေလည်း အကုန်မြုပ်ပြီး စက်လှေတွေသွားနေတာမြင်ရတယ်။ အိမ်တွေမြုပ်တဲ့ အဆင့်တော့မဟုတ်သေးဘူး"ဟု မိန့်သည်။


လက်ရှိရေကြီးရေလျှံဖြစ်နေသည့် ကျေးရွာများမှာ ဒုံးသား၊ အသေကာလ၊ လက်ခုပ်၊ မြင်းတင်မ၊ ချင်းဆိပ်၊ တောတန်း၊ ကုလားမတောင်၊ မင်းဖူး၊ ဝါးတောင်၊ မြင်းကဆိပ်၊ ကပ္ပဲ့၊ တံခွန်တိုင်၊ ရွှီကျန်၊ ထိန်ပြင်၊ ခွဆုံ၊ ဒိုင်းသား၊ ပြင်ယောင်း၊ ပွဲရကံဆိပ်၊ င/တာ၊ ရွှီတောင်၊ အညှင်းတောင်၊ ချောင်းတို၊ အိုးပျဥ်တောင်ကျေးရွာများ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်ခန့်ကပင် အဆိုပါကျေးရွာများသို့ ဒီရေအတက်အကျရှိနေခဲ့ပြီး ဩဂုတ် ၅ ရက်နေ့တွင် ဒီရေမှာ တော်ရုံနှင့်ပြန်လျော့မ ကျသွားတော့ဘဲ ရေကြီးရေလျှံဖြစ်နေကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

"ပြီးခဲ့တဲ့ရက်ပိုင်းတွေကပဲ  ရွာထဲကို ဒီရေကတက်လာလိုက်၊ ကျသွားလိုက်နဲ့ ဖြစ်နေတာပါ။ အဲဒီရက်တွေကပဲ ဆက်တိုက်ဆက်တိုက် ရေတက်လိုက်၊ ပြန်ကျလိုက်နဲ့ ဖြစ်နေတယ်။ အခု ဒီနေ့ရေက ပိုတက်လာပြီး တော်ရုံနဲ့ပြန်မလျော့နိုင်ပဲ ဖြစ်နေတာ။ လေးမြို့မြစ်ရေမြင့်တက်လို့ဖြစ်တာပါ" ဟု မိန့်သည်။




ယခုကဲ့သို့ မြစ်ရေမြင့်တက်ပြီး ဒီရေဝင်ရောက်ကာ လယ်သမားများ စိုက်ပျိုးထားသည့် စပါးခင်းများလည်း ဒီရေဖုံးလွှမ်းခံရ၍ သေကြေပျက်စီးမှုများ ဖြစ်ပေါ်နိုင်သည်ဟုလည်း မြင်းတင်မဆရာတော်က မိန့်ကြားသည်။

အလားတူ လေးမြို့မြစ်ရေမြင့်တက်လာနေမှုကြောင့် မြစ်ကမ်းတစ်လျှောက် မင်းပြားနှင့်မြောက်ဦးမြို့နယ်မှ မြေနိမ့်ပိုင်းရှိ နေအိမ်များကိုလည်း ယမန်နေ့မှစတင်ကာ အရေးပေါ် ရွှေ့ပြောင်းနေရသည်ဟုလည်း သိရသည်။

သြဂုတ်လ ၂ ရက်နေ့ လေပြင်းတိုက်ခတ်ပြီးနောက် ရခိုင်မြို့နယ်များတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ရာ လေးမြို့မြစ်ရေလည်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

လေးမြို့မြစ်ရေကြီးခြင်းကို ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းက တစ်ကြိမ် ဆိုးဝါးစွာကြုံတွေ့ခဲ့ရပြီး ကျေးရွာအများအပြား ရေနစ်ခဲ့ရကြောင်း သိရှိရသည်။

ယနေ့တွင်ထုတ်ပြန်သည့်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ နေ့စဉ်မြစ်ရေခန့်မှန်းချက်ထဲတွင် လေးမြို့မြစ်ရေသည် မွန်းလွဲ ၁၂ နာရီခွဲ၌ ၅၃၂ စင်တီမီတာရှိနေပြီး နောက် ၂၄ နာရီအတွင်း ၅၁၇ စင်တီမီတာတွင်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

လေးမြို့မြစ်၏စိုးရိမ်ရေမှတ်သည် ၈၁၀ စင်တီမီတာတွင်ရှိကြောင်း မိုး/ဇလ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ (NN-23)

ဆက်စပ် သတင်းများ